အဲဒီနေ့က ကျွန်တော့်ရဲ့ လွပ်လပ်ခြင်းတွေကို သူမဆီ ကြည်ဖြူစွာနဲ့ အပ်နှင်းလိုက်ရတယ်။ လေဟုန်စီးပြီးလွပ်လပ်စွာ ပျံသန်းပျော်မြူးတတ်တဲ့ ငှက်တစ်ကောင်ဟာ လှောင်အိမ်ထဲကို သူကိုယ်တိုင်တိုးဝင်ခဲ့တယ်။ မှုန်ပျပျ အလင်းရောင်အောက်မှာ စမ်းတ၀ါးဝါးနဲ့ ခရီးတစ်ခု ကို တိမ်တိုက်နဲ့အတူ ရွက်လွင့်ခဲ့တယ်။ ကိုယ့်ရင်ခုန်သံတောင်ကိုယ်ပြန်ကြားလို့...။သူမအပြုံး သူမ မျက်လုံးတွေရဲ့ စူးရှမှု ကြောင့် လတစ်ခြမ်းတောင် ညချမ်းမှာ တိမ်တိုက်ကြား တိုးဝင် ပျောက်ကွယ်သွားတယ်။
ရွန်းလဲ့တဲ့မျက်ဝန်းတစ်စုံက အနာဂတ်ရဲ့ လမ်းပြကြယ်တစ်ပွင့်လား?
သူဖန်ဆင်းတဲ့ အပြုံးတစ်ပွင့်ကတော့ ကျွန်တော့်အိပ်မက်တွေကို နွေခေါင်ခေါင်မှာ
ရွက်သစ်တွေဝေလို့.......။
မှော်ပဉ္စလက်နဲ့ ဖမ်စားသလို သူမရှေ့မှောက် မှာ ဒူးထောက်ကျဆုံးသွားတယ်။
ကျွန်တော့် စိတ်ကူး၊အိပ်မက်၊အနာဂတ်တွေ ကိုအဲဒီနေ့မှာပဲ သူမ အကုန်သိမ်းပိုက်သွားတယ်။ ( သူမ သိမ်းပိုက်သွားတယ်ဆိုတာထက် ကျွန်တော်ကိုယ်တိုင် ပေးအပ်လိုက်ရတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်) ကျွန်တော် ပိုင်ဆိုင်သမျှ အရာအားလုံး သူမရဲ့ အပြုံးတစ်ပွင့်အောက် မှာတင် နူးညံ့စွာ ကျရှုံး ခဲ့ကြတယ်။ ဖမ်းဆုတ်မရတဲ့ ကျွန်တော့် မျှော်လင့်ချက်တစ်ချို့တောင် သူမ ဆုတ်ကိုင်နိုင်စွမ်း ရှိတယ်။ ကျွန်တော် တည်ဆောက်ထားတဲ့နန်းတော်မှာ သူမ ကတော့ အရှင်သခင်ပါပဲ။ ကျွန်တော် တယုတယ နဲ့ ပျိုးခဲ့ရတဲ့ ဥယျာဉ်ကြီးက ဒီနေ့မှာတော့ ရှိသမျှပန်းတွေ အကုန်ပွင့်လို့ မွှေးရနံ့တွေလည်းထုံမွှန်နေပါတော့တယ်.......။
မနက်လင်းလို့ ကြေးမုံပေါ်ကိုကြည့်လိုက်တော့ ကျွန်တော့်ပုံရိပ်ကိုမမြင်ရပဲ သူမပုံရိပ်သာ ကျွန်တော်မြင်လိုက်ရတယ်။ တဒင်္ဂလေးပေါ့.... ကျွန်တော်ဟာ သူမဖြစ်သလို သူမဟာလည်း ကျွန်တော်ဖြစ်ခဲ့ပြီ။
ခုချိန်ကစလို့ သူမအတွက်ဆို အရာရာကိုဖန်ဆင်း စစ်တလင်းတောင် ချစ်ခြင်းနဲ့ပြည့်အောင် ကျွန်တော်ဖန်ဆင်းနိုင်ရမယ်။
လာချစ်သူ ........
ဟိုရှေ့မှာ အနာဂတ် ဆိုတဲ့ခရီး ကိုရွက်လွှင့်ဖို့ သစ္စာတရားနဲ့ တည်ဆောက်ထားတဲ့ လှေငယ်တစ်စင်းရှိတယ်။
နားလည်မှု ဆိုတဲ့ တက်နဲ့ လှော်ခတ်လို့ ခရီးဆုံးထိ ရောက်အောင် တို့နှစ်ယောက် ရွက်လွှင့်ကြမယ် ။
လောကဓံ ဆိုတဲ့ ရေလှိုင်းတွေကြားမှာ ...........။
p-s: ကျွန်တော့်ရဲ့ မင်္ဂလာပွဲအမှတ်တရ ပို့စ်လေးပါ။အခုမှတင်ဖြစ်တာကို တော့အားလုံးခွင့်လွှတ်ပေးကြပါ။