April 02, 2008

မိုးတစ်ညပုံပြင်


သည်းထန်စွာ ရွာသွန်းနေတဲ့ မိုးရေတွေက ငါ့မျက်ဝန်းထဲက မျက်ရည်တွေကို သူနဲ့အတူရောထွေး စီးဆင်းစေတယ်။ ကောင်းပါတယ် မိုးရေ...... မိုးနဲ့ရောနေတဲ့ငါ့မျက်ရည်တွေကို ဘယ်သူမှမမြင်နိုင်တော့ဘူးပေါ့။ဟိုတစ်ချိန်တုန်းက ဒီလိုမိုးရေတွေကြားမှာ ထီးလေးတစ်ချောင်းကို တူတူဆောင်းပြီး မိုးမတိတ်မချင်း မိုးရွာထဲမှာ လျှောက်ခဲ့ဖူးတယ်။ “မိုးရွာတာကို ကျွန်မ သဘောကျတယ် ကို” တဲ့။ ပြောခဲ့တဲ့စကားတွေ ခုချိန်ထိ နားထဲမှာ ကြားယောင်ဆဲ။
တစ်ခါ တစ်ခါကျတော့ မိုးရွာထဲမှာ ဆောင်းနေတဲ့ထီးကို လွှတ်ချပြီး သူမထွက်ပြေးတယ်။ နှစ်ယောက်စလုံးမိုးရေတွေစိုလို့ ။ “ပျော်စရာကောင်းတယ်နော်” တဲ့။ သိပ်မကြာခင်မှာပဲ အေးတယ်ဆိုပြီး သူမညည်းပြန်တယ်။ ပြန်မယ်ဆိုတော့ “မိုးတိတ်မှ” တဲ့။ တော်တော်ပြောရခက်တဲ့ကောင်မလေး။ မိုးရွာထဲမှာ သိပ်ကိုပျော်တဲ့ကောင်မလေး။ နှုတ်ခမ်းတွေပြာနေတာတောင် မိုးရွာထဲမှာ ပျော်လို့ကောင်းတုန်း ။ အအေးပတ်လိမ့်မယ်လို့ပြောလည်း သူမ ဂရုမစိုက်ပါဘူး။သူမက မိုးရွာရင်သိပ်ကိုသဘောကျတဲ့ ကောင်မလေးပါ။
မိုးရွာပြီဆိုတာနဲ့ သူမ ကျွန်တော့်ကို ခေါ်ပြီး မိုးရေထဲကို ထွက်တော့တာပါပဲ။ မလိုက်ဘူးဆိုရင်လည်း တစ်ယောက်တည်းမသွားဘူး။ တစ်ချက်လောက်အော်ငေါက်ပြန်တော့ လည်း မျက်ရည်လေး တစ်ဝဲ၀ဲနဲ့။ နောက်ပြီးဆိုသေးတယ်။ “ကျွန်မက ကိုနဲ့ အတူတူ မိုးရွာထဲမှာ လျှောက်သွားချင်တာ” တဲ့။ မိုးခြိမ်းသံ ကြားရင်တော့ သူမကြောက်လွန်းလို့ ကျွန်တော့်လက် ဆုပ်ထားပြီးတော်တော်နဲ့ မလွှတ်တော့ပါဘူး ။မိုးခြိမ်းသံကိုတော့ သူမက ကြောက်တယ်တဲ့။
ပျော်ခဲ့ဖူးတဲ့အတိတ်က မိုးရေတွေက ခုချိန်မှာတော့ ငါ့ကိုမအေးမြစေနိုင်ပါဘူးချစ်သူ။
မိုးသည်းလေ ငါကြေကွဲလေ။ မိုးခြိမ်းသံကြားရင် ငါရင်တွေနာတယ်။ လျှပ်စီးလက်တဲ့ အခါ မင်းပုံရိပ်တွေကိုငါ့မျက်ဝန်းတွေထဲမှာ ၀ိုးတစ်ဝါးမြင်ရတယ်။ မိုးသည်းထဲမှာ လျှောက်သွားနေတဲ့ ချစ်သူစုံတွဲ လေးတွေကိုမြင်ရင် ငါနင့်ကို အရမ်းသတိရတယ်။ ခုတော့ငါ မိုးနဲ့အတူ နင့်ကိုလွမ်းနေတယ် ချစ်သူ။
ပြီးခဲ့တဲ့အတိတ်က ငါသာနင့်ကို အလိုမလိုက်ခဲ့ရင်.....
မိုးရေတွေကြားမှာ နင့်ကိုအချိန်အကြာကြီးမနေစေခဲ့ရင်......
ခုချိန်မှာ ငါနင်နဲ့ အတူ မိုးရေထဲမှာ နှစ်ယောက်အတူတူရှိနေမယ်ဆိုတာ သေချာတယ်ချစ်သူ။ အရာအားလုံးပြီးခဲ့ပြီဆိုပေမယ့် မိုးရွာတိုင်းသတိရနေတဲ့ငါ ဘယ်လိုဖြေသိမ့်ရမှာလဲ။ နင်ပျော်ဖူးခဲ့တဲ့ မိုးရေတွေကပဲ နင့်ကို ခေါ်သွားကြတာလေ။ခုတော့နင်ပျော်နိုင်သေး ရဲ့လားချစ်သူ။ အားလုံးကို နင်ကထားခဲ့ပေမယ့် ကျန်ရစ်ခဲ့တဲ့ သူက မမေ့နိုင်ဖြစ်နေတာ နင်ကတော့သိမှာ မဟုတ်တော့ပါဘူး။
မိုးရေတွေက ငါတို့နှစ်ယောက်ကို ပျော်ရွှင်မှုတွေပေးခဲ့သလို ကြေကွဲစရာတွေကိုလည်း မိုးရေတွေကပဲ ပြန်ပေးခဲ့တယ်။ ခုတော့ဒါတွေ အားလုံး ပုံပြင်တစ်ပုဒ်လိုဖြစ်သွားခဲ့ပြီ။ နောင်တစ်နေ့ မိုးရေထဲမှာ ပျော်ရွှင်ကြည်နူးနေတဲ့ ချစ်သူတွေကို တွေ့ရင် နင်နဲ့ငါ့အကြောင်းကို ပြောလိုက်ပါ့မယ်ချစ်သူ။ ငါတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို နားထောင်ပြီး သူတို့တွေ ငါတို့နှစ်ယောက် လိုအဖြစ်မျိုးမကြုံရလေ အောင် ငါပြောလိုက်ပါ့မယ်။ အဲလိုပြောလိုက်လို့ သူတို့တွေရဲ့ နှုတ်ဖျားမှာ တို့နှစ်ယောက်ရဲ့ မိုးဇာတ်လမ်းလေးကို ပြောစမှတ်ဖြစ်နေကြ မယ်ဆိုရင်ပဲ ငါနင့်ကို လွမ်းရကျိုးနပ်ပါတယ်ချစ်သူ။

12 Comments:

Anonymous said...

မိုးရေထဲမှာဇတ်လမ်းရှိခဲ့ဖူးတယ်လား ဒါကြောင့် မိုးကိုကြိုက်တယ်ပြောဖူးတာကို ကောင်းပါတယ်ဗျာ။ ဇတ်လမ်းလေးကလည်း လွမ်း၂ဆွေး၂လေး ကျနော်တော့ အလွမ်းဇတ်လေးတွေကို သဘောကျတယ်ဗျ ခံစားချက်ကြောက်လားတော့မသိဘူးး။
အလွမ်းတွေက ကြာရင်တော့လည်း ဟာသတစ်ပုဒ်ဖြစ်သွားမှာပါ ကျနော်တော့ အဲ့လိုပဲခံယူထာတယ်။

မြန်မာပြည်ကိုလွမ်းတယ် said...

ထားသွားတဲ့သူတွေထက် ကျန်ခဲ့တဲ့သူတွေ
မှာပိုခံစားရတယ်လို.တော့ကြားဖူးတာပဲ။
မိုးတိတ်သွားရင် မိုးစက်ကလေးတွေ
ပျောက်ကွယ်သွားရသလိုပဲ ၊ခံစားရတဲ့
အလွမ်းတွေတိတ်စေမဲ့ကာလလေးကို
ရောက်ပါစေလို.ဆုတောင်းပေးလိုက်
တယ် သယ်ရင်းရေ..။

Unknown said...

သွားတဲ့သူတွေလည်းသွားပါစေ...ကျွန်တော်တို့တတွေ လည်း တစ်နေ့တော့ အရင်လူတွေနောက် လိုက်ကြရမှာ ပဲလေ....။

~J-Quen ~ said...

ဂျေလည်း မိုးကိုချစ်တယ် သိလား။ ဒါပေမဲ့ မိုးနဲ့ပတ်ဝက်တဲ့ လွမ်းစရာဇတ်လမ်းလေးဖတ်ရတာ စိတ်မကောင်းဘုး။

YeAungThu said...

သယ်ချင်း.... မိုးရေတွေထဲမှာ တယောက်ထဲ အပင်ပန်းမခံနေပါနဲ.တော.လား ..... အားတင်းပြီးမင်းကို ငါ ပြောချင်လဲ ... ငါ လဲ မိုးရေတွေ ကြားမှာ အဖော်မဲ.ရင်း ခိုကိုးရာ မဲ.နေဆဲပဲလေ ။........
။။။။။
ငါ.ဒဏ်ရာတွေ နာကျဉ်လာအောင်လုပ်နေသလိုပဲကွာ ။
ကဲ.ကွာ... ကဲကွာ...
လွမ်းလွန်းလို. နှပ်တွဲလဲနဲ.ဖတ်သွားတယ် ။။
=(

ကြယ်စင်နတ်သမီး said...

မိုးဇာတ်လမ်းလေးကို ဖတ်လိုက်တော့ မမလဲ တစ်စုံတစ်ယောက်ကို အရမ်းသတိရသွားတယ်... လူတွေပဲလေ တစ်နေ့တော့ အားလုံးကို သံယောဇဉ်တွေ ဖြတ်သွားရမှာပဲ... မမတို့လဲ ဒီလမ်းကို လျှောက်လှမ်းရမှာပဲ... ဒါပေမဲ့ မိုးကိုချစ်တဲ့ မိုးကို မြတ်နိုးတဲ့ သူတစ်ယောက် ဆုံးရှုံးသွားတော့ နှမြောမိတယ်... ကမ္ဘာမှာ မိုးကိုချစ်တဲ့သူ ဆိုတာ ရှားတယ်မဟုတ်လား...

မေမိုးမခ said...

မိုးတစ်ညပုံပြင် ကိုဖတ်တာနဲ့ ရင်ထဲကခံစားချက်တွေကို တော်တော်ထိတယ်
စာဖတ်ပရိတ်သတ်တွေကို တကယ်ခံစားတတ်အောင်ရေးတတ်တဲ့ပညာကို လေးစားပါတယ်

ယုန်ကလေး said...

မိုးရေထဲက ဇာတ်လမ်းကို လာဖတ်သွားပါတယ် ယုန်လေးက မိုးရွာရင်ကြောက်တတ်တယ်။ မိုးချိန်းသံ ကြားရင်လည်း ငိုတယ်။ မိဘနဲနေတဲ့အခါမှာတော့ အမေက မိုးချိန်းရင် ဖက်ထားပေးတယ်။ အခုတော့ မိုးရွာရင် မိုးချိန်းသံကြားရင် တစ်ယောက်တည်းပဲ နားကို ပိတ်။ မျက်စိကို မှိတ်ပြီး အိပ်ယာထဲမှာ တစ်ယောက်တည်းပဲနေတော့မယ်။

စိုးထက် - Soe Htet ! said...

မိုးရွာထဲမှာ အဆုပ် အအေးမိမယ် ဗျ :D

Unknown said...

ကိုနွေ....ခရေကောက်ရင်း
မိုးရေထဲလျှောက်ပြန်ပြီD;
နာမျက်စိတွေ လည်ကုန်ပြီ။

Anonymous said...

မိုးရေ...ထဲမှာလျှောက်နေတုန်း ပန်းများပွင့်စေသတည်းဆိုတာ ကြီးက ပေါ်လာလို့ တော်တော် လန့်သွားတယ်ဗျ.. ဟီးဟီး... နည်းနည်းလေး သေးလိုက်ရင် ကောင်းမယ်ထင်တယ်ဗျ.. ကျွန်တော်ကွန်မှာ စာတွေကို ကွယ်ထားသလိုဖြစ်နေတယ်..

emayarKhin said...

မိုးရွာထဲမှာလမ်းလျှောက်
ရတာကိုချစ်တယ်.......
ကိုယ်ငိုနေတာဘယ်သူ
မှမသိဘူးလေ..........

 

blogger templates | Make Money Online