June 28, 2008

“မပြောင်းလဲဘူး”

တစ်ကြိမ်တစ်ခါက
အကြိမ်တစ်ရာမက
ပြောခဲ့ဖူးတဲ့ စကားလုံးတွေ
သတိတရ နဲ့ တမ်း တစ်တတ ပါပဲ။

အားလုံးကိုကျောခိုင်း
ထင်ရာစိုင်းပြီး
လောက ဇာတ်ခုံပေါ်
လင်းတစ်လှည့် မှိန်တစ်လှည့်
ဘ၀ကို ရင်ဆိုင်ရင်း
အတိတ်ကို လွမ်းတယ်။

ခန္ဓာကိုယ်ပျက်သုဉ်း
ကမ္ဘာမြေ ပျောက်ဆုံးတောင်
အနားမှာ ရှိချင်ခဲ့သူ။

ဝေးတစ်မြေခြားလို့
သူစိမ်းတွေ ဖြစ်နေရော့သလား
မမေ့ဘူးဒီရင်မှာ.
မနေ့ က ငါပါပဲ..........။


မှတ်ချက်။ ။ အားလုံးကို သတိရလျှက် ...................။

May 28, 2008

ခွဲခွါခြင်းမှတ်တိုင်


၂၀၀၈ ခုနှစ် မတ်လပတ်ဝန်းကျင်...

အဲဒီနေ့က ကောင်လေးတစ်ယောက် ဒီနေရာကို အဖော်မပါဘဲနဲ့ တစ်ယောက်တည်း ရောက်လာခဲ့တယ်။ မရောက်ဖူးတဲ့နေရာမို့ စစချင်းမှာ အခက်အခဲ တစ်ချို့ကြုံတွေ့ရတယ်။ဒါသဘာဝဆိုတာနားလည်ပြီးသား။ နေသားတကျဖြစ်ဖို့က အချိန်ခဏလေးတော့စောင့်ရမယ်ဆိုတာ ကိုလည်းကောင်လေးသိပြီးသား။ ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ သူကျင်လည်ရတဲ့ပတ်ဝန်းကျင်မှာ ကောင်လေးနေသားကျသွားတယ်။ ဖေးမတတ် တဲ့ မိတ်ဆွေတွေကြောင့် ခဏတွင်းချင်းမှာပဲ ကောင်လေးတစ်ယောက် နယ်မြေသစ်မှာ ပျော်လို့မဆုံးဖြစ်ခဲ့တယ်။ ဘာဖြစ်ဖြစ်ရိုင်းပင်း ကူညီတတ်တဲ့ ဒေသမို့ ကောင်လေးက ဒီနေရာကနေဘယ်ကိုမှ မသွားချင်တော့ လောက်အောင်ကို ဖြစ်သွားတယ်။ သူ့စိတ်ထဲမှာလည်း ဒီနေရာကနေ ဘယ်ကိုမှ မသွားတော့ဘူးလို့ဆုံးဖြတ်ချက်ချထားလိုက်တယ်။ ဒီလိုနဲ့ ကောင်လေးတစ်ယောက် နယ်မြေသစ်မှာ ရက်ပေါင်းများစွာကြာလာတာနဲ့အမျှ မိတ်ဆွေပေါင်းများစွာနဲ့ ခင်မင်ရင်းနှီးလာခဲ့တယ်။

မိတ်ဆွေအပေါင်းအသင်းတွေရဲ့ လက်တွဲပြီး ခေါ်ယူစောင့်ရှောက်ခဲ့မှုတွေကြောင့် ဒီနေရာလေးမှာ ကောင်လေးတစ်ယောက် နာမည်လေး တစ်ခုရလာခဲ့တယ်။ ကောင်လေးဆိုရင် အားလုံးက သိနေကြပြီ။ သူတို့ပြောကြတာတော့ ကောင်လေးက ရိုးသားတယ်၊ပွင့်လင်းတယ်၊ တစ်ဖက်သားကို နားလည်တတ်တယ်၊ အရာရာသည်း ခံခွင့်လွှတ်တတ်တယ်၊ ကောင်လေးနဲ့တွေ့ရင် အားလုံးပျော် ကြတယ်၊နောက်ပြီး ကောင်လေးမှာ မကောင်းတဲ့အချက်လေးတစ်ချက်ရှိတယ်တဲ့။ အဲဒါဘာလဲဆိုတော့ တစ်ခုခုခံစားနေရတဲ့အခါ တစ်ဦးတစ်ယောက်ကိုမှ ဖွင့်မပြောဘဲ တစ်ယောက်တည်းကြိတ်ခံစားတတ်တဲ့ ကောင်လေးရဲ့အကျင့်ပါပဲ။အားလုံးက ညီအစ်ကိုလိုဝိုင်းဝန်း စောင့်ရှောက်ကြပေမယ့် ပြင်လို့မရတဲ့ကောင်လေးရဲ့အကျင့်ကို အားလုံးကိုက နားလည်ပေးကြပါတယ်။လူတစ်ယောက်မှာ အားနည်းချက် တစ်ခုစီရှိကြတယ်ဆိုရင် အဲဒါကတော့ ကောင်လေးရဲ့အားနည်းချက်တစ်ခုပါပဲ။ ဘာပဲပြောပြောကောင်လေးကို အားလုံးက ချစ်ခင်လေးစားကြတယ်။ ကောင်လေးလည်းမိတ်ဆွေတွေအပေါ်မှာ အခွင့်အရေးယူ ခဲ့တာမျိုးမရှိခဲ့ပါဘူး။ သေချာတာတစ်ခု ကတော့ ကောင်လေးဒီနေရာမှာ သိပ်ကိုပျော်ခဲ့တယ်ဆိုတာပဲ.......။

တစ်နေ့...
ကောင်လေးနေတဲ့ နေရာလေးကို သတင်းစကားတစ်ခု ရောက်လာတယ်။ ကောင်လေးအင်မတန်မှ ချစ်မြတ်နိုးရတဲ့ ကောင်လေးရဲ့ချစ်သူ မကျန်းမာတဲ့အကြောင်းပေါ့။ ကြားကြားချင်း ကောင်လေး စိတ်မကောင်းဖြစ် သွားတယ်။ ဒါဆိုသူပြန်မှ ဖြစ်မယ်ဆိုပြီး သူ့မိတ်ဆွေတွေကို ကောင်လေးလိုက်နှုတ်ဆက်တယ်။ မိတ်ဆွေတွေက ကောင်လေး အတွက်စိတ်မကောင်းဖြစ်ကြတယ် ။ချစ်သူကောင်မလေး နေကောင်းကျန်းမာတဲ့အခါ ပြန်လာဖို့ ပြောကြတယ်။ အမြဲတမ်းပြုံးပျော်ရွှင်နေတတ်တဲ့ကောင်လေးကို သူတို့ညီအစ်ကိုလို ခင်တဲ့ အကြောင်းပြောကြတယ်။ဘာပဲဖြစ်ဖြစ်နောက်ဆုံး ဒီနေရာလေးကိုပြန်လာဖို့ ပြောကြတယ်။ ကောင်လေးစိတ်မကောင်းဖြစ်ယုံကလွဲလို့ ဘာမှ မတုံ့ပြန်နိုင်ရှာဘူး။ ရက်ပေါင်းများစွာ နေရာလေးတစ်ခုမှာ အတူနေလာခဲ့ကြတာဆိုတော့ အားလုံးကိုကောင်လေး သံယောဇဉ်မပြတ်နိုင်ပါဘူး။ ခွဲရတော့မယ်ဆိုတဲ့ အသိက ကောင်လေးကို ဆို့နင့်ကြေကွဲစေတာတော့ အမှန်ပါ။ နောက်ဆုံးအားလုံးကိုနှုတ်ဆက်ပြီး ကောင်လေး တစ်ယောက်တည်းထွက်လာခဲ့တယ်။

ဒီလိုနဲ့ကောင်လေး သူ့ချစ်သူနားကို ပြန်ရောက်သွားတယ်။ ကောင်လေး ပြန်ရောက်သွားတာနဲ့ ကောင်မလေးလည်းချက်ချင်းဆိုသလို နောက်နေ့မှာပဲ နေကောင်းသွားတယ်။နောက်တော့ ကောင်မလေးက ကောင်လေးကို တစ်ခွန်းပဲပြောပါတယ်။ လွမ်းလို့ တဲ့။ ကောင်လေးရင်ထဲမှာ အတိုင်းမသိကြည်နူးရပေမယ့် သူ့ရဲ့မိတ်ဆွေတွေကိုအရမ်းသတိရတယ်။ ပြန်သွားချင်ပေမယ့် ချစ်သူကောင်မလေး ကသူ့အနားမှာပဲတစ်သက်လုံးနေဖို့ တောင်းဆိုတယ်။ မိတ်ဆွေတွေအပေါ်မှာ အရိုးခံခင်မင်တဲ့စိတ် ရှိပေမယ့် ကောင်လေးတစ်ယောက် သူ့မိတ်ဆွေတွေကို အဝေးကနေ သတိရလွမ်းနေရုံ ပဲတတ်နိုင်တော့တယ်။ ကောင်မလေးက ကောင်လေးကိုဘယ်ကိုမှ ပြန်မလွှတ် တော့ဘူးလေ။ ။ချစ်သောသူနဲ့  ဝေးရတဲ့ ခံစားချက်ကို ကောင်လေး မခံစားနိုင်တော့ဘူး ဆူးခင်းတဲ့လမ်း ကြမ်းပါစေတော့ အတူတူ နင်းဖြတ်မယ် ပင်လယ်သမုဒ္ဒရာဆိုလည်း အတူတူ လက်ပစ်ကူးမယ်ချစ်သူ။

နောက်ဆုံး...
ကောင်လေးတစ်ယောက် သူ့ချစ်သူကောင်မလေးနားမှာပဲ တစ်သက်လုံး နေတော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ကောင်မလေးအတွက်နဲ့ မြို့ပြရဲ့မာကျူရီအလင်းရောင်တွေကိုစွန့် ရေနံဆီမီးခွက်လေးနဲ့ လဲခဲ့တယ်။ သူ့ရဲ့မိတ်ဆွေအပေါင်းအသင်းတွေကို သတိရနေတာကလွဲလို့ ကောင်လေးဘ၀က သာယာစိုပြည်နေခဲ့ပါတယ်။ ကောင်လေးပြန်အလာကိုမျှော်နေကြတဲ့ ကောင်လေးရဲ့မိတ်ဆွေတွေအတွက်စိတ်မကောင်းဖြစ်မိပေမယ့် အဲဒီလိုကောင်လေး ပြန်မလာတော့တာကို သူတို့အားလုံး နားလည်ပေးနိုင်လိမ့်မယ်လို့ ကောင်လေးယုံကြည်နေတယ်........။

p:s- ကောင်လေးကို အားလုံးနားလည်လိမ့်မယ်လို့ထင်ပါတယ်။ ကောင်လေးကလည်း အားလုံးကိုသတိရနေမှာပါ။ တစ်နေ့ကျရင် ကောင်မလေးနဲ့အတူ သူ့မိတ်ဆွေတွေဆီကို ကောင်လေးရောက်လာအုန်းမှာပါ... တစ်နေ့နေ့ပေါ့......

May 25, 2008

မျှော်လင့်နေဆဲ ~~~


အရင်အချိန်တွေတုန်းကတော့ဒီနေရာလေးက နှစ်ယောက်သားကြည်နူးစရာ ပျော်စရာအတိနဲ့ ရင်ခုန်စရာသိပ်ကောင်းခဲ့တာပေါ့ချစ်သူ။ ဒီနေရာလေးကိုတို့နှစ်ယောက်အကြိမ်ပေါင်းများစွာ ရောက်ဖူးခဲ့သလို ဒီနေရာလေးမှာပဲ အကြိမ်ပေါင်းများစွာ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ချစ်ခြင်းတွေကို မှတ်တိုင်ထူခဲ့ကြတယ်။စိတ်ခဏခဏကောက်တတ်တဲ့ ကိုယ့်ချစ်သူကို ဒီနေရာလေးမှာ အကြိမ်ပေါင်းများစွာ ဖြောင်းဖျ ခဲ့ဖူးတယ်။မာနကြီးတဲ့ကိုယ့်ချစ်သူက မထင်ရင်မထင်သလို ဘာမဟုတ်တာလေးကအစပြဿနာရှာတတ်ပေမယ့် ငါးမိနစ်လောက် ကိုယ်ချော့လိုက်ရင် မာနတွေခ၀ါချပြီး အပြုံးတစ်ချက်နဲ့ ကိုယ့်ကိုပြန်နှစ်သိမ့်တယ်။ ဒါတွေက ပြီးခဲ့ပါပြီ။

အတူပျော်ဖူးခဲ့တဲ့ အတိတ်နေ့ရက်တွေက ပြန်တွေးကြည့်ရင်ကြည်နူးစရာတွေ ဆိုပေမယ့် ပြန်မရတော့တဲ့အဲဒီအတိတ်နေ့ရက် တွေကြောင့်ပဲ ရင်နဲ့မဆံ့အောင်ကိုယ်ခံစားနေရတယ်ချစ်သူ။ “အချိန်ရှိတိုင်းချစ်သူနားမှာပဲ နေချင်တယ်” ဆိုတဲ့ကိုယ့်ချစ်သူပြောခဲ့တဲ့ စကားလုံးတွေက ခုချိန်မှာတော့ ဒဏ္ဍာရီတစ်ပုဒ်လိုပါပဲ။ ကဝေဆန်တဲ့လောကရဲ့လှည့်ကွက်တွေထဲမှာ မာယာတွေနဲ့ဘ၀ကိုထိန်းကျောင်းရင်း လှည့်စားတတ်တဲ့ ကိုယ့်ချစ်သူကို ခုချိန်ထိမမေ့နိုင်သေးတာတော့အမှန်ပါ ချစ်သူ။ ပြဇာတ်တွေတစ်ပုဒ်ပြီးတစ်ပုဒ်ကပြခဲ့ပေမယ့် လွမ်းခန်းဆိုတာကို ခုမှကြုံဖူးတာပါချစ်သူ။ ရင်ခုန်စရာကောင်းခဲ့ပေမယ့် ဇာတ်သိမ်းမလှခဲ့ဘူးလေ။ ခုတော့ဒီနေရာလေးမှာ ကိုယ်တစ်ယောက်တည်း အထီးကျန်ကြေကွဲရပြီ။

အစကကြိုသိခဲ့ရင်ဆိုတဲ့ စကားလုံးကို ကိုယ်မသုံးချင်ပါဘူး ချစ်သူ။ အရာအားလုံး ဖြစ်ချိန်တန်လို့ဖြစ်သွားတယ်လို့ပဲ ကိုယ်သဘောထား ပါတယ်။ လူတစ်ယောက်ဟာ သူ့ချစ်သူကိုသူတစ်ကယ်ချစ်တယ်ဆိုရင် အရာအားလုံးချစ်သူအလိုကျပဲ ဦးစားပေး ဆုံးဖြတ်ကြပါတယ်။ သူစိတ်ချမ်းသာမယ်ဆိုရင် ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ပါ။အဲလိုလူတွေထဲမှာ ကိုယ်ပါတယ်ချစ်သူ။ ကိုယ်မင်းကိုသိပ်ချစ်ခဲ့တယ်။ ကိုယ့်ကိုယ်ထက်တောင် မင်းကိုပိုဦးစားပေးစဉ်းစားခဲ့တယ်။ မှားလို့ပဲဖြစ်ဖြစ် မှန်လို့ပဲဖြစ်ဖြစ် အားလုံးနဲ့မင်းတစ်ယောက် ဖြစ်နေပါစေ ကိုယ်မင်းဖက်ကနေ ရင်ဆိုင်ရဲခဲ့ တယ်။ အဲလောက်ထိကို ကိုယ်မင်းအတွက်ပေးဆပ်ခဲ့ ဖူးပါတယ်။ အချိန်တွေနောက်ပြန်ခဏလှည့်ကြည့်ရင် မင်းတွေ့မှာပါ ချစ်သူ။

နောက်ဆုံးတော့ အတူကြည်နူးခဲ့တဲ့ ဒီနေရာလေးမှာ ရယ်သံတွေမကြားရတာ ၃၆၅ ရက် မကတော့ပါဘူးချစ်သူ။ အတူထိုင်ခဲ့ဖူးတဲ့ ဗန်ဒါပင် အောက်ကခုံတန်းလေးတောင် ဖုန်တွေတက်လို့ ပိုင်ရှင်မဲ့နေရှာတယ်။ သစ်အိုပင်ကြီးလဲခြောက်ကပ်လို့ ချစ်ခြင်းတွေနဲ့ ဖန်ဆင်းထားတဲ့ဒီနေရာလေးက ကဗျာမဆန်တော့တာ မင်းထွက်သွားတဲ့နေ့က စ ယနေ့ထိပါပဲချစ်သူ။ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျဖို့ ဆိုတာ မလွယ်မှန်းသိပေမယ့် ခုချိန်ထိမျှော်လင့်နေတုန်းဆိုတာကိုတော့ ကိုယ့်ချစ်သူကို သိစေချင်တယ်။

ပြတ်တောက်သွားတဲ့ကြိုးတစ်ချောင်း


ဘာတဲ့...?
တစ်သက်တာ ထာဝရ
ဘ၀ကို အတူတစ်ကွနဲ့
ဖြတ်သန်းချင်တယ်တဲ့...
အမုန်းမပွားပဲ အပြုံးများနဲ့
ဒီကမ္ဘာမြေ သာယာစေတဲ့.....။

ပြောဖူးခဲ့တဲ့ စကား
နားထဲမှာ ပြန်ကြားယောင်တော့
ခံရတာ အောင့်သက်သက်
ကြေကွဲကာ နေရခက်ခက်...။

တော်ပြီချစ်သူ...
မကြင်နာလို့ ရှောင်ထွက်ပြေးတာကို
ဝေဒနာလို့ ငါမကြေငြာတော့ပါဘူး
အရှုံးအမြတ်အတွက် မဟုတ်ဘဲ
အဆုံးတစ်သက် ရည်ရွယ်ခဲ့သတဲ့..
ကြားယောင်မိတဲ့ စကားတွေက
နားယောင်မိခဲ့တာတွေလေ...။

သေချာတာတစ်ခုကတော့
ငါ့ဘ၀က အရှုံးသမားပဲ..
နေသာသလို နေပါလို့
ကြွေကာသာ ငိုချပစ်လိုက်ချင်တယ်
ငါ့ရင်ဘတ်ထဲ အလွမ်းတွေ အပြည့်....။

p:s- တိုက်ဆိုင်မှုရှိတဲ့သူများ ခွင့်လွှတ်ကြပါ :P ။

May 22, 2008

သရဲနီတို့အောင်ပွဲ


သဲတစ်ထိတ်ထိတ်ရင်တစ်ဖိုဖိုနဲ့ ချန်ပီယံလိဂ်ကြီးကတော့ပြီးဆုံးသွားပါပြီ။ဆုဖလားကြီးကို သိမ်းပိုက်သွားတာကတော့ အားလုံးသိကြတဲ့ အတိုင်းကျွန်တော်တို့ရဲ့သရဲနီတွေပဲ ဖြစ်ပါတယ်။ဒီအနိုင်ကိုလဲ ပင်နယ်တီနဲ့သဲထိတ်ရင်ဖို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ သရဲနီတွေအတွက် အဖွင့်ဂိုးကိုသွင်းပေးခဲ့တဲ့ စီရော်နယ်ဒိုလေးဟာ ပင်နယ်တီလွဲခဲ့ ပေမယ့် ဟန်ချက်ပျက်ချော်လဲပြီး ဘေးထွက်အောင်ကန်သွားတဲ့ ချဲလ်ဆီး ကပ်ပတိန် ဂျွန်တယ်ရီကြောင့် ဖြေသာစရာဖြစ်ခဲ့ပါတယ်။ အဲ နောက်ဆုံးမှာတော့ အနယ်ကာဆိုတဲ့ ချဲလ်ဆီးတိုက်စစ်မှုးဟာ ချန်ပီယံဆုဖလားကြီးကို ဗန်ဒါးဆားရဲ့လက်ထဲထိုးထည့်ပေးလိုက်တာကြောင့် သရဲနီတို့အောင်ပွဲရလိုက်ခြင်းဖြစ်ပါတယ်။ ဒါကတော့ပွဲစဉ် အကျဉ်းချုပ်ဖြစ်ပါတယ်။ဂိုးရရှိပုံလေးကို နည်းနည်းလေးချဲ့ပြီးပြောရမယ် ဆိုရင်တော့............

ပထမပိုင်း ၂၆ မိနစ်မှာကျွန်တော်တို့ရဲ့အချစ်တော် မော်ဒယ်လေးတွေရဲ့အသည်းစွဲ ဘောလုံးကိုအင်မတန်မှ အလှအပတွေနဲ့ ကျွမ်းကျင်စွာကစားတတ်တဲ့ ( ညွှန်းတာ ညွှန်းတာ..) ရော်နယ်ဒိုလေးက တစ်ဖက်အသင်းရဲ့ခေါင်းပေါင်းနဲ့ဂိုးဖမ်းတဲ့အဖိုးကြီးရဲ့(အင်မတန်ထူးဆန်းတဲ့ ဂိုးသမားပါ :P) ညာဖက်ထောင့်ကို ခေါင်းတိုက်ပြီး လှလှပပ သွင်းယူသွားခဲ့ပါတယ်။အဲလို ခေါင်းတိုက်ဘောလေးကို ညာဖက်ထောင့်ကနေ ချစ်စရာကလေးမျက်နှာနဲ့နှာခေါင်းသွေးထွက်တာတောင် အလျှော့မပေးပဲ ပွဲပြီးခါနီးမှ ထွက်သွားတဲ့ပေါစခိုးလ်နဲ့အပေးအယူလုပ်၊ ၀မ်းတူး ရိုက်ပြီးတင်ပေးလိုက်တာကတော့ညိုချောလေး ဘရောင်းပဲဖြစ်ပါတယ်ခင်ဗျာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲအဲဒီ နှစ်ဆယ့်ခြောက်မိနစ်ဟာ လက်ရှိကျွန်တော့်အသက်ဖြစ်ပါတယ် (ကြော်ငြာ)။ အဲလိုနဲ့အပြန်အလှန်ကစားကြရင်း တစ်ဖက်အသင်းရဲ့ အက်ဆီယန်ဆိုတဲ့ ဘောလုံးတွေ့တာနဲ့ဘာမှမကြည့်ပဲရမ်းကန်တတ်တဲ့ နီဂရိုးသားက ကျွန်တော်ပြောသလိုပဲ ဘာမှမကြည့်ပဲရမ်းကန် လိုက်တဲ့ဘောလုံးဟာ သရဲနီတွေရဲ့နောက်တန်းနဲ့ထိ၊ ဘောလုံးလမ်းကြောင်းပြောင်းပြီး တစ်နေ့ကမှ နိုက်ကလပ်မှာ ရန်ဖြစ်လို့ ရဲက ဖမ်းချုပ်ထားပြီး ချန်ပီယံဘောလုံးပွဲအတွက် အာမခံနဲ့ခဏထွက်လာတဲ့(နှိမ်တာ..နှိမ်တာ)ဖွတ်လမ်းပတ်..အဲမှားလို့ဖရန့်လမ်းပတ် ဆိုတဲ့ ငမိုက်သားရဲ့ခြေထောက်ထဲကိုရောက်ပြီး ရမ်းကန်လိုက်တာဟာ သရဲနီတွေရဲ့ကယ်တင်ရှင်ချစ်စရာဗန်ဒါးဆားဂိုးသမားလေးဟာ ဘယ့်လို ဘယ်လိုမှ မတတ်နိုင်ပဲ ချေပဂိုးကိုပြန်လည်ပေးလိုက်ရပါတော့တယ်။ထပ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ ချေပဂိုးပြန်ပေးလိုက်ရတဲ့အချိန်ဟာ ချဲလ်ဆီးရဲ့အမာခံပရိတ်သတ် လွမ်းလုင် ရဲ့အသက်နဲ့တိုက်ဆိုင်နေပြန် ပါတယ်။(တစ်ကယ့်အသက်အမှန်တော့ မဖြစ်နိုင်ပါ ရုပ်ကိုကြည့်၍ ပြောခြင်းဖြစ်ပါသည် :P) မှတ်ပြီလား ? ဒါကတော့တစ်ဖက်နဲ့တစ်ဖက် ဂိုးရကြပုံလေးပါ။ဆက်လက်တင်ပြရမယ်ဆိုရင်တော့....
တစ်ဖက်အသင်းဟာ နိုင်လိုဇောကြီးပြီးဖလားကြီးကိုအင်မတန်မှ လိုချင်တပ်မက်နေတာကြောင့် သရဲနီတွေကို ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ပါတယ်။သွေးထွက်သံယိုဖြစ်တဲ့အထိကို တစ်ဖက်အသင်းဟာ မညှာမတာကစားခဲ့ကြပါတယ်။အင်မတန်မှ နာမည်ကြီးပါတယ် ဆိုတဲ့တစ်ဖက်အသင်းက ကျွဲကြီးလို့ခေါ်တဲ့ အိုက်ဗရီကို့စ်သား မျက်နှာမြင်ရိုက်ချင်ပါစေဆိုတဲ့ ဆုတောင်းကိုမတောင်းပဲပြည့်တဲ့ ဒရော့ဘာဆိုတဲ့ ရုပ်ခပ်ဆိုးဆိုးအသားမဲမဲငနဲကြီးဟာ ပွဲပြီးခါနီးမှာ အလုပ်နဲ့ရုပ်နဲ့လိုက်ဖက်စွာ ကြမ်းရမ်းခဲ့တာကြောင့် အနီကတ်နဲ့ ကွင်းထဲကနေ လက်ပြနှုတ်ဆက်ပြီး သူတို့ရဲ့အ၀တ်လဲခန်းမှာ သွားရောက်ငိုကြွေးနေခဲ့ရပါတယ်။(ဒရော့ဘာအကြောင်းသိလားဆိုတဲ့ လူကြီးရေ..တစ်ကယ်သိသွားပြီ ဒရော့ဘာအကြောင်း :P)

ဆက်ပြောရမယ်ဆိုရင်ဖြင့်.. အားလုံးသိပြီးတဲ့အတိုင်းနောက်ဆုံးမှာ သရဲနီတို့ချန်ပီယံဆုဖလားကြီးကိုဆွတ်ခူးသွားပါတော့တယ်။ ချန်ပီယံဆုကြီးကို သရဲနီတို့ကိုင်မြှောက်အောင်ပွဲခံနေတဲ့အချိန်မှာတော့ ကျွန်တော့်ရဲ့ချစ်တပည့်ကြီး ချဲလ်ဆီးပရိတ်သတ် ခုတစ်လော အသဲကွဲနေပါတယ်ဆိုတဲ့ လွမ်းလုင် တစ်ယောက်ဟာ အရှုံးကိုရင်မှာပိုက်လို့ မှောင်မိုက်မှာ ငိုကြွေး၊တစ်ပူပေါ်နှစ်ပူဆင့်၊ရည်းစားနဲ့ကွဲ တာတောင်ဒီလောက်မခံစားရဘူးဆိုပြီး အရူးတစ်ပိုင်း နဲ့လမ်းမပေါ်မှာ အ၀တ် မပါတစ်ကိုယ်တည်း လျှောက်ပတ်ပြေးနေပါ တော့တယ်ဗျား

p:s- ကိုယ်ကြိုက်တဲ့အသင်းကလူတွေကိုအကောင်းပြောပြီး ပြိုင်ဖက်အသင်းကို ခပ်နာနာလေးပြောတတ်ကြတဲ့ လူတွေရဲ့သဘာဝ အတိုင်း ကျွန်တော်လည်း ဒီပို့စ်လေးကိုရေးလိုက်မိပြီဗျာ။ပျော်စရာဟာသအဖြစ်သာ ဖန်တီးလှောင်ပြောင်ထားခြင်းဖြစ်ပါတယ်။ တစ်ဖက်သားနစ်နာစေလိုသော ဆန္ဒအစစ်အမှန် လုံးဝမရှိပါ။ လောင်းကြေးအရ ဟာသရေးလိုက်ရခြင်းဖြစ်ပါတယ်။:P တစ်ဖက်သားရဲ့ ပျော်စရာဟာ တစ်ဖက်သားအတွက် နစ်နာစရာဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်နွေမုန်တိုင်း အထူးတောင်းပန်ပါကြောင်း။

May 19, 2008

အမောင့် အလွမ်း


သတိရတယ်ခင်ရယ်။ ပူဆွေးသောကရောက်နေတဲ့ မောင့်ရင်ဘတ်ထဲကို ခင်လည်းမြင်တတ်မှာပါ။အခုဆိုရင် ခင်တစ်ယောက် ကျန်းမာပါရဲ့လား၊ နေရထိုင်ရအဆင်ပြေရဲ့လား၊ မောင်တို့နှစ်ယောက်အကြောင်းကို စဉ်းစားမိပြီး ခင်တစ်ယောက်တည်း ၀မ်းနည်းပူဆွေးပြီး သောကရောက်နေမလား၊အစစအရာရာ အဆင်ပြေရဲ့လားဆိုတဲ့ လားပေါင်းများစွာနဲ့ခင့်ကိုမောင်စိတ်ပူတယ်ခင်။ အတူနေစဉ်က ပြောခဲ့တဲ့ ခင့်ဘ၀မှာမောင်သာလျှင်သခင်ပါ ဆိုတဲ့ခင့်စကားသံလေးကို အခုချိန်မှာ ပြန်လည်ကြားယောင်မိတိုင်း အတိုင်းမသိခံစားရတယ် ခင်။အခြေမလှတဲ့မောင့်ဘ၀အခြေအနေကြောင့် ခင်နဲ့မောင်ခုလိုခဏခွဲကြရတယ်နော်။ အားငယ်ပြီးစိတ်ပျက်မနေပါနဲ့ခင်။ အခုလို ဝေးနေရတဲ့အချိန်မှာ သတိရ တမ်းတမှုတွေကို အားအင်အဖြစ်ပြောင်းလဲပြီးမောင်တစ်ယောက်အစွမ်းကုန်ကြိုးစားနေပါတယ်။

အရာအားလုံးအဆင်ပြေသွားတဲ့တစ်နေ့ မောင်ခင့်ဆီကိုပြန်လာမှာပါ။ ဖြစ်ချင်တာတွေ မဖြစ်တာကိုက ဘ၀ပဲလေ။လောကကြီးထဲ ကလူသားတစ်ဦးအနေနဲ့ ပေးလာမယ့်လောကကြီးရဲ့ အလွမ်းအဆွေးတွေကိုလည်း ခံနိုင်ရည်ရှိရမှာပေါ့။မောင်တို့နှစ်ယောက်ရဲ့ အနာဂတ် လေးလှဖို့အတွက် အခုလက်ရှိအချိန်တွေကိုပေးဆပ်ထားရတယ်လို့ပဲ သဘောထားလိုက်ပါ။ စိတ်ပျက်အားငယ်နေတဲ့အခါ နှစ်ယောက် အတူရှိစဉ်က ပျော်ရွှင်ကြည်နူးခဲ့တာတွေကို မျက်စိထဲမြင်ယောင်ပြီး ဖြေသိမ့်လိုက်ပါခင်။ပေးခဲ့တဲ့ကြင်နာယုယမှုတွေက အခုချိန်မှာ အကောင်းဆုံးသော ဖြေသိမ့် စရာပါပဲ။မောင်ပြောတာတွေကိုခင်တစ်ယောက် နားလည်သဘောပေါက်လိမ့်မယ်လို့ မောင်ယုံကြည် ပါတယ်။

ဘယ်သူမှ ချစ်တဲ့သူနဲ့ခွဲပြီးအဝေးကြီးမှာ မနေချင်ပါဘူးခင်။ဒါပေမယ့်ကံဇာတ်ဆရာက ဒီအချိန်မှာဒီအခန်းကိုတင်ဆက်ကပြ ခိုင်းနေပြီ လေ။လွန်ဆန်လို့လည်းမရတော့အရာအားလုံး ဇာတ်ဆရာရဲ့အလိုကျပဲပေါ့။ဘာဖြစ်ဖြစ်စိတ်ပျက် အားငယ်မနေပါနဲ့ခင်။ဇာတ်သိမ်းခန်း ရောက်ရင်တော့ မောင်နဲ့ခင် ပြန်ဆုံကြမှာပါ။အဲဒီအခါကျရင်တော့ ခင်နဲ့မောင်တို့ရဲ့ဘ၀လေးကရင်ခုန်သံတွေတနင့်တပိုးနဲ့ သာယာစိုပြည်နေမှာပါ။ မရောက်သေးတဲ့ အနာဂတ်လေးကို တွေးပြီးကြည်နူးကြည့်လိုက်စမ်းပါခင်။ ဘယ်လောက်များပျော်စရာ ကောင်းလိုက်မလဲလို့လေ။

အခုတော့မောင်တစ်ယောက် ခင်နဲ့ အဝေးကြီးမှာနေပြီး အနာဂတ်လေးလှဖို့ ကြိုးစားနေပါတယ်ခင်။ မောင်သတိရသလိုခင်လည်း သတိရနေမယ်ဆိုတာ မောင်ယုံကြည်တယ်။ သတိရတဲ့အခါမောင်ပြောတာကိုတွေကိုပြန်လည်ကြားယောင်ပြီး ဖြေသိမ့်လိုက်ပါ။ ဘယ်လောက် ဝေးဝေး သစ္စာမပျက်ကြေးနော်။ ပေးခဲ့တဲ့ဂတိတွေနဲ့ ထားခဲ့တဲ့မေတ္တာတရားတွေက အိပ်မက်မဟုတ်ခဲ့သလို ပုံပြင်တွေ လည်းမဟုတ်ခဲ့ဘူးဆိုတာ ခင်နားလည်ရင် အဝေးတစ်နေရာက မောင်တစ်ယောက် ခင့်ကိုလွမ်းရကျိုးနပ်ပါတယ်ခင်။

p:s- ကျွန်တော်နဲ့ခွဲပြီး အဝေးကြီးမှာ ရှိနေတဲ့ကြင်နာသူအတွက် ကျွန်တော့်ရဲ့ အလွမ်းတစ်ချို့ပါ။ ချစ်သူနဲ့ခွဲပြီး အဝေးတစ်နေရာတွေဆီ မှာ ရှိနေတဲ့သူတွေ အားလုံး လွမ်းတတ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

May 14, 2008

သူ

ရင်ထဲမှာ ခံစားနေရတဲ့ ဝေဒနာတွေကို ဖြေဖို့ ကြင်နာသူ ချစ်ဇနီးကလည်း ဘေးမှာ မရှိ။ ကြင်နာလို့မှ မ၀သေးခင် သူ့ကြောင့် ချစ်တဲ့သူနဲ့ ခဏခွဲခဲ့ရတယ်။ကျွန်တော်တို့နှစ်ယောက်ရဲ့ အနာဂတ်အတွက် သူ့ကို ကျွန်တော်အသည်းအသန် လိုက်ရှာရအုန်းမယ်။ သူ့နောက်ကိုလိုက်ရင်း နဲ့ ကြင်နာသူနဲ့ ဝေးမှန်းမသိ ဝေးရမယ့် ဘ၀မျိုးကိုတော့ ကျွန်တော်မလိုလားပါဘူး။ လောကကြီးမှာ လူတွေက လူတွေကို သူ့ ပိုင်ဆိုင်မှု အရေအတွက်နဲ့ တန်ဖိုးဖြတ်ကြတယ်။ သူ့ကိုများများပိုင်ဆိုင်တဲ့သူကို သူဌေး တဲ့။ အလယ်အလတ်လောက် ပိုင်ဆိုင်တဲ့ သူကိုကျတော့ လူတန်းစေ့ နေနိုင်တဲ့သူတဲ့။ အနည်းအကျဉ်းလေးပိုင်ဆိုင်တဲ့ သူကိုကျတော့ ဘယ်သူကမှ အဖတ်မလုပ်ချင်ကြတော့ဘူး။ကျွန်တော်သူ့ကိုတော်တော်လေးမနာလိုဖြစ်မိတယ်။ သူ့ကြောင့်ကမ္ဘာ လောကကြီး လည်ပတ်နေတယ်ဆိုရင်တောင် မမှားတော့ဘူး။ တော်တော်ကမ္ဘာကိုပိုင်စိုးတဲ့ သူ။

သူ့နောက်ကိုတစ်ကောက်ကောက်လိုက်ရင်းနစ်မြုပ်သွားကြတဲ့ဘ၀တွေကို သူကတော့ သိမှာမဟုတ်ဘူး။သူသိတာက သူ့အင်အား နည်းနည်းများလာပြီဆိုတာနဲ့ အားလုံးကိုမထင်မဲ့မြင်လုပ်ဖို့ပဲ။သူမရှိလို့ထမင်းငတ်နေတဲ့ကလေးငယ်တစ်ယောက်ကို သူမသိနိုင်သလို သူ့အင်အားနဲ့ ဟော်တယ်ကြီးတစ်ခု ရဲ့အတွင်းခန်းမှာ စားစရာအပြည့်နဲ့ဇိမ်ကျနေတဲ့လူတစ်ယောက်ကိုလည်းသူမသိနိုင်ပါဘူး။ ဒါပေမယ့် ထမင်းငတ်နေတဲ့ကလေးငယ်တစ်ယောက်ဆီကို သူလာဖို့ခက်ပေမယ့် ဟော်တယ်ကြီးထဲက လူဆီမှာတော့ သူအမြဲရှိတယ်။ ဒါတွေဟာ ဘာကြောင့်လဲ?
သူသာ ကျွန်တော့်ဆီမှာ တန်ဖိုးများများ ရှိခဲ့ရင် ခုလိုကြင်နာသူနဲ့လည်း ခွဲရမှာ မဟုတ်ဘူး။ ကျွန်တော်သာ သူ့ကို တော်တော်များများ ပိုင်ဆိုင်သင့်သလောက် ပိုင်ဆိုင်ခဲ့ရင် ..........
ကျွန်တော်မရောက်ဖူးတဲ့ နေရာ ဒေသတွေကို အလည်အပတ်သွားမယ်။အဲ့ဒီအချိန်မှာ ကြင်နာသူကလည်းဘေးမှာ ကျွန်တော်နဲ့အတူ ရှိနေမှာပေါ့။နောက်ပြီး အလှူအတန်း ခဏခဏလုပ်မယ်။ လောကရဲ့လိုအပ်ချက်တွေကို သူနဲ့ဖြည့်ဆည်းလို့ရတာမှန်သမျှ ကျွန်တော် ဖြည့်ဆည်းမယ်။သူကသာ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာပဲဖြစ်ရမယ်။ ကျွန်တော်ကတော့ သူ့ကိုအောက်ကျို့ခံမှာ မဟုတ်ဘူး။

သူ့ကြောင့် လူတွေတရားပျက်ကြသလို သူ့ကြောင့်လူတွေ ဘာဝနာ ပွားနိုင်ကြတယ်။သူ့ကြောင့်လူတွေ အချင်းချင်းသစ္စာမဲ့ကြသလို သူ့ကြောင့်လူတွေ အဆွေခင်ပွန်းဖွဲ့ကြတယ်။ သူ့ကြောင့်လူတွေ အပြစ်ဒဏ်ခံကြရသလို သူ့ကြောင့်လူတွေ လွတ်ငြိမ်းချမ်းသာခွင့်ရကြတယ်။သူ့ကြောင့် လူတွေဆုံးရှုံးရသလို သူ့ကြောင့်လူတွေ လောကကြီးမှာ အသက်ရှင်ခွင့်ရကြတယ်။ သူ့ကြောင့် နာကျင်ကြေကွဲရသလို သူ့ကြောင့်ပျော်ရွှင်ကြည်နူးရတယ်။သူဟာ အဆိုးအကောင်း ဒွန်တွဲနေတဲ့ လောကရဲ့ အရှင်သခင် တစ်ပါးပါပဲ။သေချာတာတစ်ခုကတော့ သူ့ကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကျဉ်လို့မရပါဘူး။ဒါကလည်းလောကကြီးရဲ့အမှန်တရား တစ်ခုပါပဲ။

သူမရှိရင်မဖြစ်တဲ့ ဟောဒီကမ္ဘာလောကကြီးမှာ လောကသားအားလုံးက သူ့ကို ဒုတိယ ဘုရားသခင် တဲ့။ မရှိရင်မဖြစ်ဘူးဆိုပေမယ့် ကျွန်တော်ကတော့သူ့ကို ဘယ်အခါမှ ကိုးကွယ်မှာ မဟုတ်ဘူး။အရာအားလုံးကို သူဖန်ဆင်းနိုင်ပေမယ့် လူသားတစ်ဦးရဲ့ရင်ဘတ်ထဲကခံစားချက်ဝေဒနာစစ်စစ်နဲ့ လောကဓံသုံးပါးရဲ့လှည့်စားချက်နဲ့ကြည်စယ်မှု တွေကိုတော့သူဘာမှ
မလုပ်ပေးနိုင်ပါဘူး။

ဘာပဲဖြစ်ဖြစ်..... လောလောဆယ်တော့ ကျွန်တော်သူ့နောက်ကို လိုက်ရအုန်းမယ်ဗျာ။ သူဌေးကြီးမဟုတ်တောင် လူတန်းစေ့ နေနိုင်ဖို့ပေါ့.......။ကျွန်တော်သူ့နောက်ကိုအရင်ကလည်းလိုက်ခဲ့ဖူးပါတယ်။အခုလည်းလိုက်နေတုန်းပါပဲ။ နောင်လည်း လိုက်နေရအုန်း မှာပါပဲ.........။

May 13, 2008

နာဂစ်


ဟက်တက်ကွဲခဲ့ကြတဲ့ ရင်ခွင်တွေကို မသိချင်ယောင်ဆောင်ပြီး မဆိုင်သလို နေလို့ ရရင်သိပ်ကောင်းမှာပဲ။ မြင်ရတဲ့ မြင်ကွင်းတွေက ရင်ထဲမှာ မကောင်းလွန်းလို့ မျက်ရည်တွေတောင် ရင်ဘတ်ထဲကနေ ဆို့တက်လာတယ်။ကြားရတဲ့သတင်းတွေနဲ့ မြင်ရတဲ့ မြင်ကွင်းတွေကတော့ စုတ်တစ်သက်သက်နဲ့ ခန္ဓာကိုယ်တောင် ပြိုပျက်လောက်ပါပေတယ်။ နာကျင်စရာတွေများလွန်းလှတဲ့ ကြေကွဲစရာ ဖြစ်ရပ်ဆိုးကြီးကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ အိပ်မက်တောင် မက်ခဲ့ဖူးမှာ မဟုတ်ပါဘူး။ ဒီဖြစ်ရပ်ဆိုးကြီးထဲမှာ ဖိုးဖိုး ဖွားဖွား၊အဖေအမေ၊အစ်ကို၊မောင်၊ညီ၊ညီမ၊သား၊သမီး၊ဦးဦး၊ဒေါ်ဒေါ် တွေပါသွားကြတယ်။ အိုးအိမ်တွေ မဲ့ကြရတယ်။အနာဂတ် အိပ်မက် တွေ လေနဲ့အတူ လွင့်ပါးကြရတယ်။ မျှော်လင့်ချက်နဲ့ တည်ဆောက်ခဲ့တဲ့ ဘ၀ပေါင်းများစွာ သူ့အတွက် စတေး ခဲ့ရတယ်။ သိပ်ချစ်ရတဲ့ ချစ်သူ နှစ်ဦး သေကွဲကွဲရတယ်။ အင်မတန်မှနူးညံ့ပျော့ပျောင်းလှတဲ့ အရာတစ်ခုက အင်အားကြီးမားလွန်းတဲ့အရာတစ်ခု အဖြစ်ပျောင်းလဲ ပြီး လူ့အသက်ပေါင်းများစွာကို ၀ါး မြိုပစ်ခဲ့တယ်။ `ရက်စက်တယ်´ ဆိုတဲ့ စကားလုံးထက် နာကျင်စရာကောင်းလွန်းတဲ့ စကားလုံးရှိရင် ထပ်ပြီးပြောချင်ပါသေးတယ်။

ရက်စက်တယ်... ရက်စက်တယ်...ရက်စက်တယ်...။

ကြေကွဲစရာတွေအားလုံး အဆုံးသတ်ချင်ပြီ။ လောကဓံရဲ့ ထိုးနှက်ချက်တွေက သိပ်ကိုမျက်နှာလိုက်လွန်းပါတယ်။ ဆန်ဖိုးမရှိတဲ့ ဘ၀တွေ ကို ဆန်အိုးရိုက်ခွဲ ခံလိုက်ရသလိုပါပဲ။ဘယ်အငြှိုးတွေကြောင့်ခုလို ရက်ရက်စက်စက် လုပ်ရက်တာလဲ? ကောင်းကင်တစ်ခုလုံးလည်း မည်းမှောင်လို့။ တော်ပါတော့ လောကဓံရယ်... နောက်တစ်ခါဆိုတာမျိုးလည်းထပ်ရင်မဆိုင်ပါရစေနဲ့တော့။ ကျေးဇူးပြု၍ အရာအားလုံး (ဖြစ်နိုင်မယ်ဆိုရင်) နဂိုအတိုင်းငါ့ကိုပြန်ပေးပါ။


April 25, 2008

ဧပရယ် ၁၈


အဲဒီနေ့က ကျွန်တော့်ရဲ့ လွပ်လပ်ခြင်းတွေကို သူမဆီ ကြည်ဖြူစွာနဲ့ အပ်နှင်းလိုက်ရတယ်။ လေဟုန်စီးပြီးလွပ်လပ်စွာ ပျံသန်းပျော်မြူးတတ်တဲ့ ငှက်တစ်ကောင်ဟာ လှောင်အိမ်ထဲကို သူကိုယ်တိုင်တိုးဝင်ခဲ့တယ်။ မှုန်ပျပျ အလင်းရောင်အောက်မှာ စမ်းတ၀ါးဝါးနဲ့ ခရီးတစ်ခု ကို တိမ်တိုက်နဲ့အတူ ရွက်လွင့်ခဲ့တယ်။ ကိုယ့်ရင်ခုန်သံတောင်ကိုယ်ပြန်ကြားလို့...။သူမအပြုံး သူမ မျက်လုံးတွေရဲ့ စူးရှမှု ကြောင့် လတစ်ခြမ်းတောင် ညချမ်းမှာ တိမ်တိုက်ကြား တိုးဝင် ပျောက်ကွယ်သွားတယ်။

ရွန်းလဲ့တဲ့မျက်ဝန်းတစ်စုံက အနာဂတ်ရဲ့ လမ်းပြကြယ်တစ်ပွင့်လား?
သူဖန်ဆင်းတဲ့ အပြုံးတစ်ပွင့်ကတော့ ကျွန်တော့်အိပ်မက်တွေကို နွေခေါင်ခေါင်မှာ
ရွက်သစ်တွေဝေလို့.......။
မှော်ပဉ္စလက်နဲ့ ဖမ်စားသလို သူမရှေ့မှောက် မှာ ဒူးထောက်ကျဆုံးသွားတယ်။

ကျွန်တော့် စိတ်ကူး၊အိပ်မက်၊အနာဂတ်တွေ ကိုအဲဒီနေ့မှာပဲ သူမ အကုန်သိမ်းပိုက်သွားတယ်။ ( သူမ သိမ်းပိုက်သွားတယ်ဆိုတာထက် ကျွန်တော်ကိုယ်တိုင် ပေးအပ်လိုက်ရတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်) ကျွန်တော် ပိုင်ဆိုင်သမျှ အရာအားလုံး သူမရဲ့ အပြုံးတစ်ပွင့်အောက် မှာတင် နူးညံ့စွာ ကျရှုံး ခဲ့ကြတယ်။ ဖမ်းဆုတ်မရတဲ့ ကျွန်တော့် မျှော်လင့်ချက်တစ်ချို့တောင် သူမ ဆုတ်ကိုင်နိုင်စွမ်း ရှိတယ်။ ကျွန်တော် တည်ဆောက်ထားတဲ့နန်းတော်မှာ သူမ ကတော့ အရှင်သခင်ပါပဲ။ ကျွန်တော် တယုတယ နဲ့ ပျိုးခဲ့ရတဲ့ ဥယျာဉ်ကြီးက ဒီနေ့မှာတော့ ရှိသမျှပန်းတွေ အကုန်ပွင့်လို့ မွှေးရနံ့တွေလည်းထုံမွှန်နေပါတော့တယ်.......။

မနက်လင်းလို့ ကြေးမုံပေါ်ကိုကြည့်လိုက်တော့ ကျွန်တော့်ပုံရိပ်ကိုမမြင်ရပဲ သူမပုံရိပ်သာ ကျွန်တော်မြင်လိုက်ရတယ်။ တဒင်္ဂလေးပေါ့.... ကျွန်တော်ဟာ သူမဖြစ်သလို သူမဟာလည်း ကျွန်တော်ဖြစ်ခဲ့ပြီ။
ခုချိန်ကစလို့ သူမအတွက်ဆို အရာရာကိုဖန်ဆင်း စစ်တလင်းတောင် ချစ်ခြင်းနဲ့ပြည့်အောင် ကျွန်တော်ဖန်ဆင်းနိုင်ရမယ်။

လာချစ်သူ ........
ဟိုရှေ့မှာ အနာဂတ် ဆိုတဲ့ခရီး ကိုရွက်လွှင့်ဖို့ သစ္စာတရားနဲ့ တည်ဆောက်ထားတဲ့ လှေငယ်တစ်စင်းရှိတယ်။
နားလည်မှု ဆိုတဲ့ တက်နဲ့ လှော်ခတ်လို့ ခရီးဆုံးထိ ရောက်အောင် တို့နှစ်ယောက် ရွက်လွှင့်ကြမယ် ။
လောကဓံ ဆိုတဲ့ ရေလှိုင်းတွေကြားမှာ ...........။
p-s: ကျွန်တော့်ရဲ့ မင်္ဂလာပွဲအမှတ်တရ ပို့စ်လေးပါ။အခုမှတင်ဖြစ်တာကို တော့အားလုံးခွင့်လွှတ်ပေးကြပါ။

April 16, 2008

ရင်တွင်းနွေ

သစ်ရွက်တစ်ချို့
မြေအနှံ့ ပြန့်ကျဲနေတယ်
လေ အဝှေ့မှာ ကြွေလွင့်ကြတာလေ...
စိတ်ဓါတ်တွေလည်း နွေနေပူမှာ ရေငတ် လို့...
ရင်ခွင်မှာ လမသာတာတောင် ကြာပေါ့..
အပြုံးတွေတောင်မှ
တစ်ဝက်တစ်ပျက်နဲ့တင်
နှုတ်ခမ်းပေါ်ကနေ ခြေလျှော်ကျတယ်...
ဟဲလို မိတ်ဆွေ
အပန်းမကြီးဘူးဆိုရင်
ရေခဲစိမ် စကာလုံးတစ်ချို့
ကျုပ်ရင်ဘတ်ထဲ ထည့်ပေးပါလား
ဒီနွေက သိပ်ပူတယ်ဗျာ....။

April 04, 2008

သင်္ကြန်ပိတောက်နဲ့အတူ


နွေရာသီရဲ့ပွဲတော်မှာ
ကျွန်တော့် ဘ၀ထဲကို အမှတ်မထင်ရောက်လာသူ.......
ပန်းပိတောက်တွေ ပန်ဆင်ထားတဲ့ ဆံနွယ်လေးတွေက လေအဝှေ့မှာ ကဗျာတစ်ပုဒ်ပါပဲ။
ပိတောက်ပန်းချစ်တဲ့ “မ” ရေ...

နွေဟာ "မ" ကြောင့်အေးမြသွားပြီ.
"မြင်မြင်ချင်းအချစ်"ဆိုတာကို လက်ခံလိုက်တဲ့ နေ့လေးတစ်နေ့
ကျွန်တော့်အတွက်တော့ အားလုံးအမှတ်တရတွေချည်းပါပဲ.
ကျွန်တော်"မ" ကိုစိတ်ဝင်စားတယ်။

ရွှဲရွှဲစိုနေတဲ့ မရဲ့အလှမှာ တဒင်္ဂ ကျွန်တော်နစ်မွန်းသွားတာတော့ ခွင့်လွှတ်ပေးပါ
အားလုံးကရေ၀ိုင်းလောင်းလို့ “မ”နှုတ်ခမ်းတွေတောင်ပြာလို့
"မ" သိပ်ကိုအေးနေမှာပဲနော်....
အအေးဒဏ်ကို ကာကွယ်ဖို့ ကျွန်တော့် သန်ဘက်လေးထုတ် ပေးတော့
ရီဝေေ၀အကြည့်တွေနဲ့ ကျေးဇူးစကားဆိုတယ်.......
နှုတ်ဖျားက ထွက်ကျလာတဲ့စကားလုံးတွေက သင်္ကြန်ရေလို အေးမြလို့
နွေနေပူရဲ့နေ့လည်ခင်းကြီးမှာ ကျွန်တော့်ရင်ဘတ်ထဲက ဖြတ်ပြီး
အရှိန်ပြင်းတဲ့ ရထားတစ်စင်းခုတ်မောင်းသွားတယ်"မ"ရေ......
အားလုံးက တိတ်တခိုးဆိုတယ်
"ကိုယ်ရံတော်"တဲ့။
စနောက်ကြတဲ့စကားလုံးပေမယ့် တစ်ကယ့်သူရဲကောင်းတစ်ယောက်လို
"မ"နားမှာ စောင့်ကြပ်လို့
မခွဲနိုင်မခွာရက် နဲ့ပေါ့
ထွက်ပြေးသွားမှာ လည်းစိုးရိမ်တယ်လေ...

"မ" တစ်ယောက်သာ မကြည့်လို့ မသိပေမယ့် အားလုံးက တွေ့နေကြပါတယ်
ဒီကောင်လေးရဲ့ ရင်ဘတ်ထဲကိုပေါ့...
အပျံသင်စငှက်တစ်ကောင်ရဲ့ ဝေဒနာတွေကို
ကွယ်ရာမှာ ဟာသလုပ်ပြီး ပျက်လုံးမလုပ်ပစ်လိုက်ပါနဲ့"မ"ရယ်.
ကျွန်တော် ချစ်တာ ပိတောက်တွေလည်း သိပါတယ်...
ကျေးဇူးပြု၍...
သင်္ကြန်ရေနဲ့အတူ ရင်ထဲက ဝေဒနာတွေကို ကုစားပါ...။

April 02, 2008

မိုးတစ်ညပုံပြင်


သည်းထန်စွာ ရွာသွန်းနေတဲ့ မိုးရေတွေက ငါ့မျက်ဝန်းထဲက မျက်ရည်တွေကို သူနဲ့အတူရောထွေး စီးဆင်းစေတယ်။ ကောင်းပါတယ် မိုးရေ...... မိုးနဲ့ရောနေတဲ့ငါ့မျက်ရည်တွေကို ဘယ်သူမှမမြင်နိုင်တော့ဘူးပေါ့။ဟိုတစ်ချိန်တုန်းက ဒီလိုမိုးရေတွေကြားမှာ ထီးလေးတစ်ချောင်းကို တူတူဆောင်းပြီး မိုးမတိတ်မချင်း မိုးရွာထဲမှာ လျှောက်ခဲ့ဖူးတယ်။ “မိုးရွာတာကို ကျွန်မ သဘောကျတယ် ကို” တဲ့။ ပြောခဲ့တဲ့စကားတွေ ခုချိန်ထိ နားထဲမှာ ကြားယောင်ဆဲ။
တစ်ခါ တစ်ခါကျတော့ မိုးရွာထဲမှာ ဆောင်းနေတဲ့ထီးကို လွှတ်ချပြီး သူမထွက်ပြေးတယ်။ နှစ်ယောက်စလုံးမိုးရေတွေစိုလို့ ။ “ပျော်စရာကောင်းတယ်နော်” တဲ့။ သိပ်မကြာခင်မှာပဲ အေးတယ်ဆိုပြီး သူမညည်းပြန်တယ်။ ပြန်မယ်ဆိုတော့ “မိုးတိတ်မှ” တဲ့။ တော်တော်ပြောရခက်တဲ့ကောင်မလေး။ မိုးရွာထဲမှာ သိပ်ကိုပျော်တဲ့ကောင်မလေး။ နှုတ်ခမ်းတွေပြာနေတာတောင် မိုးရွာထဲမှာ ပျော်လို့ကောင်းတုန်း ။ အအေးပတ်လိမ့်မယ်လို့ပြောလည်း သူမ ဂရုမစိုက်ပါဘူး။သူမက မိုးရွာရင်သိပ်ကိုသဘောကျတဲ့ ကောင်မလေးပါ။
မိုးရွာပြီဆိုတာနဲ့ သူမ ကျွန်တော့်ကို ခေါ်ပြီး မိုးရေထဲကို ထွက်တော့တာပါပဲ။ မလိုက်ဘူးဆိုရင်လည်း တစ်ယောက်တည်းမသွားဘူး။ တစ်ချက်လောက်အော်ငေါက်ပြန်တော့ လည်း မျက်ရည်လေး တစ်ဝဲ၀ဲနဲ့။ နောက်ပြီးဆိုသေးတယ်။ “ကျွန်မက ကိုနဲ့ အတူတူ မိုးရွာထဲမှာ လျှောက်သွားချင်တာ” တဲ့။ မိုးခြိမ်းသံ ကြားရင်တော့ သူမကြောက်လွန်းလို့ ကျွန်တော့်လက် ဆုပ်ထားပြီးတော်တော်နဲ့ မလွှတ်တော့ပါဘူး ။မိုးခြိမ်းသံကိုတော့ သူမက ကြောက်တယ်တဲ့။
ပျော်ခဲ့ဖူးတဲ့အတိတ်က မိုးရေတွေက ခုချိန်မှာတော့ ငါ့ကိုမအေးမြစေနိုင်ပါဘူးချစ်သူ။
မိုးသည်းလေ ငါကြေကွဲလေ။ မိုးခြိမ်းသံကြားရင် ငါရင်တွေနာတယ်။ လျှပ်စီးလက်တဲ့ အခါ မင်းပုံရိပ်တွေကိုငါ့မျက်ဝန်းတွေထဲမှာ ၀ိုးတစ်ဝါးမြင်ရတယ်။ မိုးသည်းထဲမှာ လျှောက်သွားနေတဲ့ ချစ်သူစုံတွဲ လေးတွေကိုမြင်ရင် ငါနင့်ကို အရမ်းသတိရတယ်။ ခုတော့ငါ မိုးနဲ့အတူ နင့်ကိုလွမ်းနေတယ် ချစ်သူ။
ပြီးခဲ့တဲ့အတိတ်က ငါသာနင့်ကို အလိုမလိုက်ခဲ့ရင်.....
မိုးရေတွေကြားမှာ နင့်ကိုအချိန်အကြာကြီးမနေစေခဲ့ရင်......
ခုချိန်မှာ ငါနင်နဲ့ အတူ မိုးရေထဲမှာ နှစ်ယောက်အတူတူရှိနေမယ်ဆိုတာ သေချာတယ်ချစ်သူ။ အရာအားလုံးပြီးခဲ့ပြီဆိုပေမယ့် မိုးရွာတိုင်းသတိရနေတဲ့ငါ ဘယ်လိုဖြေသိမ့်ရမှာလဲ။ နင်ပျော်ဖူးခဲ့တဲ့ မိုးရေတွေကပဲ နင့်ကို ခေါ်သွားကြတာလေ။ခုတော့နင်ပျော်နိုင်သေး ရဲ့လားချစ်သူ။ အားလုံးကို နင်ကထားခဲ့ပေမယ့် ကျန်ရစ်ခဲ့တဲ့ သူက မမေ့နိုင်ဖြစ်နေတာ နင်ကတော့သိမှာ မဟုတ်တော့ပါဘူး။
မိုးရေတွေက ငါတို့နှစ်ယောက်ကို ပျော်ရွှင်မှုတွေပေးခဲ့သလို ကြေကွဲစရာတွေကိုလည်း မိုးရေတွေကပဲ ပြန်ပေးခဲ့တယ်။ ခုတော့ဒါတွေ အားလုံး ပုံပြင်တစ်ပုဒ်လိုဖြစ်သွားခဲ့ပြီ။ နောင်တစ်နေ့ မိုးရေထဲမှာ ပျော်ရွှင်ကြည်နူးနေတဲ့ ချစ်သူတွေကို တွေ့ရင် နင်နဲ့ငါ့အကြောင်းကို ပြောလိုက်ပါ့မယ်ချစ်သူ။ ငါတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို နားထောင်ပြီး သူတို့တွေ ငါတို့နှစ်ယောက် လိုအဖြစ်မျိုးမကြုံရလေ အောင် ငါပြောလိုက်ပါ့မယ်။ အဲလိုပြောလိုက်လို့ သူတို့တွေရဲ့ နှုတ်ဖျားမှာ တို့နှစ်ယောက်ရဲ့ မိုးဇာတ်လမ်းလေးကို ပြောစမှတ်ဖြစ်နေကြ မယ်ဆိုရင်ပဲ ငါနင့်ကို လွမ်းရကျိုးနပ်ပါတယ်ချစ်သူ။

March 29, 2008

ခရေပင်လမ်းလေး

လျှောက်ခဲ့ဖူးတဲ့ ခရေပင်လမ်းလေးထဲမှာ ခုတော့တစ်ယောက်တည်းအထီးကျန်စွာ လျှောက်လှမ်းနေတာ ငါပါပဲကောင်မလေးရယ်။
ငါအခုခရေပန်းလေးတွေကောက်နေတယ်။ ခရေတစ်ကုံး သီကုံးမလို့ပေါ့။

ဟိုအရင်ကဆို ဒီလမ်းလေးက ချစ်သူနှစ်ဦးရဲ့ ပျော်ရွှင်ကြည်နူးစွာနဲ့ အမှတ်တရပေါင်းများစွာ မှတ်ကျောက်တင်ခဲ့တဲ့ နေရာလေးပေါ့။ တို့နှစ်ယောက်ခရေပန်းလေးတွေကို ဘယ်သူအများဆုံးကောက်နိုင်မလဲဆိုပြီး လုကောက်ခဲ့ကြဖူးတယ်နော်။

ခရေပန်းတွေကောက်ပြီး ငါတို့နှစ်ယောက်ပေါင်း ကောက်လို့ရတဲ့ ခရေပန်းလေးတွေကို ငါက အိမ်ကိုယူသွားတယ်။နင့်အတွက်ငါကိုယ်တိုင် ခရေကုံးလေးတွေကို သီကုံး ပေးဖို့ပေါ့။ နောက်နေ့ကျတော့ နင့်အတွက်ငါသီကုံးပေးတဲ့ ခရေကုံးလေးတွေကို နင့်ရဲ့ဆံကေသာမှာ ငါကိုယ်တိုင် ပန်ဆင်ပေးခဲ့တယ်။

ခရေရနံ့တွေနဲ့ နင့်ဆံနွယ်တွေကို ငါတန်ဖိုးထားခဲ့တယ်။ နင့်ရဲ့ပိတုန်းရောင်ဆံကေသာက ငါ့ခရေကုံးလေးတွေနဲ့ ပနံသင့်လိုက်တာကောင်မလေးရယ်။ ခရေပန်းကိုမှ မြတ်မြတ်နိုးနိုး ချစ်တယ်ဆိုတဲ့နင့်ကို ငါကလည်း အမြတ်တနိုးနဲ့ တန်ဖိုးထား ချစ်ခဲ့တယ်။ နေ့စဉ်နေ့တိုင်းငါက နင့်ရဲ့ပန်းဆက် ဗျတ္တ ပေါ့။ ဒါလေးကိုပဲ ငါကျေနပ်နေမိပါတယ်။ နင့်အတွက် လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးချင်နေတာကိုက ငါနင့်အပေါ်ထားတဲ့ မေတ္တာတရား ဆိုတာ ကိုနင်လည်းသိခဲ့တယ်။ ငါနင့်ဆီကိုနေ့စဉ် ခရေပန်းလေးတွေ ဆက်ခဲ့တယ်နော် ။

ဒီလိုနေ့စဉ် ဆက်သနေတဲ့ကြားက ......
တစ်နေ့မှာ နှင်းဆီပန်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ နင်ငါ့ဆီရောက်လာခဲ့တယ်။ နင်ပြောတော့ လက်ဆောင်ရလာတာတဲ့။ ဘယ်သူတစ်ဦးတစ်ယောက်က ပေးတာလဲလို့ ငါနင့်ကိုမမေးခဲ့ပါဘူး ။ နင့်မျက်နှာလေးကိုကြည့်လိုက်တာနဲ့ နှင်းဆီပန်းတွေကို နင်ဘယ်လောက် တပ်မက် နေတယ်ဆိုတာ ငါသိခဲ့ပါတယ်။ခရေ ကိုမှ ချစ်တယ်ဆိုတဲ့နင်က နှင်းဆီပန်းတွေ ရောက်တဲ့နေ့ကစပြီး ငါ့ခရေပန်းလေးတွေကို လျစ်လျူ ရှုခဲ့တယ်။ ငါ့ခရေပန်းလေးတွေ နင့်ဆံကေသာမှာ မပန်ဆင်ရပဲ ပိုင်ရှင်မဲ့ နွမ်းခြောက် ရပြီ။ ငါစိတ်မကောင်းပါဘူး။နင့်ကိုငါ နားလည်ပါတယ် ။ နွမ်းခြောက်သွားပေမယ့်လည်းငါ့ခရေပန်လေးတွေ မွှေးပျံ့နေဆဲပါ။ ငါ နင့်ကိုမပေးဖြစ်ခဲ့တဲ့ ခရေပန်းလေးတွေ ကို အမှတ်တရအဖြစ်သိမ်းထားတာ ခုဆိုရင် ခရေပန်းထည့်တဲ့သေတ္တာလေးတောင် ပြည့်တော့မယ်။
နှင်းဆီဆိုတာ တော်ဝင်ပန်းပါ ချစ်သူ ။ နင်လိုချင်တက်မက်တာကို ငါအပြစ်မမြင်ပါဘူး။ ဒါပေမယ့် အခန့်မသင့်လို့ ဆူးစူးမှာကိုတော့ငါ စိုးရိမ်မိတယ်။
ခုဆိုရင် နင့်ဆံကေသာမှာ ငါ့ခရေပန်းလေးတွေ မမြင်ရတာ ရက်တွေကို လစားလို့ သက္ကရာဇ်တစ်ခုတောင်အသစ်ဖြစ်သွားပြီကောင်မလေးရေ။
ဘာပဲဖြစ်ဖြစ်ပါ ငါ့ရဲ့ခရေပန်းလေးတွေ နင့်ကိုခုထိ မျှော်လင့်နေတုန်းပါပဲ။ အခန့်မသင့်လို့ နင့်ကို နှင်းဆီဆူး တွေစူးခဲ့ရင် အဲဒီနှင်းဆီကို စွန့်ပြီး ခရေပင်လမ်းလေးကို ပြန်လာခဲ့ပါချစ်သူ ။ ခုတော့ခရေပင်ကြီးတောင် ပန်းကောက်မယ့်သူမရှိလို့ ပန်းတွေမပွင့်တာတောင် တော်တော်ကြာပြီ........။ပိုင်ရှင်မယ့်နွမ်းခြောက်နေတဲ့ ခရေကုံးလေးတွေ ကိုနင်လာကြည့်လှည့်ပါ။ ခုချိန်ထိ မွှေးပျံ့နေတုန်းပါပဲ ။ ပြန်လာကြည့်ရင်နင်သိမှာပါ...............။

ခုချိန်ထိ ငါ ခရေပန်းလေးတွေ သီနေတုန်းပါပဲချစ်သူ။

March 28, 2008

ပုန်းရှောင်သူ



မနေ့ကငါ......
သီချင်းတွေ ဆိုညည်း

ပျော်တော်ဆက်လို့
နင့်ကို ချော့သိပ်ခဲ့တယ်။

မနေ့ကငါ......
ကဗျာတွေ သီကုန်း
ရင်တစ်ခုလုံး ရင်းပြီး
နင့်အတွက် ရည်ရွယ်ခဲ့တယ်။

မနေ့ကငါ......
မိုးပေါ်က ကြယ်ကိုဆွတ်
နင့်အတွက် လည်ဆွဲလုပ်မယ်ဆိုပြီး
ငါ့ အချစ်ကို ဖွဲ့ဆိုခဲ့တယ်။

မနေ့ကငါ......
နင့်အတွက်ဆိုပြီး
ငွေခြေကျင်းလေး ၀ယ်
ငါကိုယ်တိုင် ၀တ်ဆင်ပေးခဲ့တယ်။

မနေ့ကငါ......
ရင်ခွင်ကို ပေါင်းသင်လို့
နှင်းဆီ တစ်ခင်းပျိုး
နင့်အတွက် ငါ
ဥယျာဉ်တစ်ခု ဖန်ဆင်းခဲ့တယ်။

မနေ့ကငါ.......
ဘုရားမှာဆုတောင်း
ရိုးမြေကျ ပေါင်းရစေဖို့
နင့်ကိုငါတစ်ကယ်
ရည်ရွယ်ခဲ့တယ်။

မနေ့ကငါ......
မပြေလည်တာတွေ တစ်ခဏ
နင့်အတွက်ဘ၀င်ကျစေဖို့
ခပ်ပြုံးပြုံးလေး နေခဲ့တယ်။

မနေ့ကငါ.......
မနေ့ကငါ.......
မနေ့ကငါ.......

ဒီနေ့မှာတော့......
သီချင်းတွေရပ်တန့်
ကဗျာတွေ ရင်ကွဲပြီး...
လည်ဆွဲလေး ပျက်စီး...
ငွေခြေကျင်လေး ပျောက်ပျက်လို့
ဥယျာဉ်ကြီးလဲ ခြောက်ကပ်နေပြီ...
တောင်းတဲ့ဆုတွေ မပြည့်နိုင်ပဲ
ငါ့အပြုံးတွေ အသက်မဲ့သွားတာ....

နင် ရက်စက်တယ်
ကောင်မလေးရယ်.....။

March 26, 2008

နှလုံးသားမြို့တော် (၂)

ပျက်စီးသွားတဲ့ “နှလုံးသားမြို့တော်” ဟာ ပြန်လည်ပြုပြင်မယ့်သူ မရှိပဲ ဆယ်စုနှစ်တစ်ခုလုံး ဒီအတိုင်းပဲ ရှိနေခဲ့တယ်။နှလုံးသားမြို့တော် ဟာ သူ့ဒဏ်ရာတွေကို သူ့ကိုယ်သူ ကုစားပေမယ့် ဒဏ်ရာတွေက ထပ်ထပ်ပဲ တိုးလာခဲ့တယ် ။ နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး သူ့ကိုယ်သူ ပစ်ထားလိုက်တယ်။ ဒီလိုနဲ့တစ်နေ့မှာ တော့ “နှလုံးသားမြို့တော်” ကိုနောက်ထပ်ဧည့်သည်တစ်ယောက်ထပ်ရောက်လာ ပြန်ပါတယ်။ ဧည့်သည်လို့သာသုံးနှုံးလိုက်ရတာ တစ်ကယ်တော့ ဒီတစ်ခါရောက်လာတာ ဧည့်သည်မဟုတ်ပါဘူး ။ “နှလုံးသားမြို့တော်” ကို ပြန်လည်တည်ထောင်မယ့် “နှလုံးသားမြို့တော်” ရဲ့ “ကယ်တင်ရှင်” လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ သူ ဟာ “နှလုံးသားမြို့တော်” ကို
အရင်က တစ်ခါမှ မရောက်ဖူးပါဘူး။ မရောက်ဖူးပေမယ့် “နှလုံးသားမြို့တော်” ရဲ့ အကြောင်းတွေကို အကုန်လုံး နီးပါးလောက်ကို သိနေ ခဲ့ပါတယ်။ အဲလိုသိအောင်လည်းသူက အရင်ဆုံး စုံစမ်းခဲ့တယ်။ မြို့တော်ကို ပြန်လည်တည်ထောင်ဖို့ ဘာတွေ လိုအပ်မလဲဆိုတာကို “နှလုံးသားမြို့တော်” ရဲ့ မလှမ်းမကမ်းကနေ အမြဲစောင့်ကြည့်နေခဲ့တယ်။ ဒီလောက် ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မြို့တော် ဟာ ဘာကြောင့် ပျက်စီးသွားရတာလဲဆိုတာကို သူ စဉ်းစားတယ်။ “နားလည်မှု”နဲ့“ကြင်နာမှု” တွေ မလုံလောက်ခဲ့လို့လား ဆိုပြီး အဖြေထုတ်တယ်။နောက်ထပ်တစ်ခါဒီလိုမဖြစ်ရအောင် သူ ကြိုးစားမယ်ဆိုပြီး “နှလုံးသားမြို့တော်” ကို ပြန်လည်တည်ထောင်ဖို့အတွက်
လိုအပ်တာတွေ ပြည့်စုံတဲ့တစ်နေ့မှာ သူဟာ “နှလုံးသားမြို့တော်” ထဲကို ၀င်လာခဲ့ပါတယ်။ သူဝင်လာတဲ့အချိန်မှာ “နှလုံးသားမြို့တော်” ဆီမှာ ၀င်ခွင့်မတောင်းခဲ့ပါဘူး ။ သူ့သဘောနဲ့သူဝင်လာခဲ့တယ်။ သူဟာ “မြို့တော်” ကိုပြန်လည်တည်ထောင်ဖို့သိပ်ကိုစိတ်အား ထက်သန်နေခဲ့တယ်။သူ့ကြောင့် “နှလုံးသားမြို့တော်” ပြန်လည်အသက်ဝင်နိုးထလာမှာကို သူအရမ်းမျှော်လင့်တယ်။မျှော်လင့်တဲ့အတိုင်း ဖြစ်လာလိမ့်မယ်လို့လည်း သူ့ကိုယ်သူယုံကြည်နေတယ်။ ဘာကြောင့်လဲဆိုတော့ “နှလုံးသားမြို့တော်” ကိုပြန်လည်တည်ထောင်ဖို့ အတွက်သူ့မှာ အကုန်ပြည့်စုံ နေတယ်လေ။ လိုအပ်တာမှန်သမျှသူ့ဆီမှာ အကုန်ရှိနေပြီ။ “အချိန်တစ်ခု” ကိုပဲ သူစောင့်ရမှာ ။ သူ့ရဲ့ ညာဖက်လက်မှာ စစ်မှန်တဲ့ သစ္စာတရားရှိတယ်။ ဘယ်ဖက်လက်မှာ နွေးထွေးတဲ့ မေတ္တာတရား ရှိတယ်။ သူ့ရင်ဘတ်ထဲမှာ တော့ လတ်ဆတ်တဲ့ ရင်ခုန်သံတွေရှိတယ်။ နောက်ပြီးသူ့ဆီမှာ ကြင်နာဖေးမမှု၊အနွံတာခံမှု၊သည်းခံခွင့်လွှတ်မှု၊စာနာ နားလည်မှု နဲ့ အပြုံးချိုချို တွေ ရှိတယ်။ “နှလုံးသားမြို့တော်” ကိုပြန်လည်တည်ဆောက်ဖို့အတွက် အကောင်းဆုံးသော အသုံးဝင်ဆုံးသော ကိရိယာ တွေကိုပဲ သူယူလာခဲ့တယ်။ မလိုအပ်တဲ့ ၀န်တိုမှု ၊ ချုပ်ချယ်မှု ၊ တောင်းဆိုမှု ၊ စတာတွေကို “နှလုံးသားမြို့တော်”ရဲ့အပြင်ဖက်မှာ သူထားခဲ့တယ်။ ဒီလိုနဲ့သူဟာ အရင်ဦးဆုံး သူ့ရဲ့ညာဖက်လက်နဲ့ မြို့တော်ကို ထုဆစ် ပုံဖော်တယ်။ ဘယ်ဖက်လက်နဲ့ မြို့တော်ကို အသက်သွင်းတယ်။ သူ့ရင်ဘတ်နဲ့ အရာအားလုံးကို စိတ်တိုင်းကျ တည်ဆောက်တယ်။ “ကယ်တင်ရှင်” ရဲ့စွမ်းဆောင်ရည်ကြောင့် “နှလုံးသားမြို့တော်”ဟာ အချိန်တိုတိုအတွင်းမှာ ပြန်လည်အသက်ဝင်လာခဲ့တယ်။ “နှလုံးသားမြို့တော်” အတွင်းမှာ သီချင်းတစ်ချို့ပျံ့လွင့်လာတယ်။ အချိန်အခါ မဟုတ်ပဲ ပန်းရနံ့တစ်ချို့ သင်းပျံ့လာတယ်။ ကဗျာတစ်ချို့ အိမ်လည်လာကြတယ်။ ကမ္ဘာပေါ်မှာအလှဆုံးသော ပန်းတွေ က “နှလုံးသားမြို့တော်” မှာ လာရောက် ဖူးပွင့်ကြတယ်။ ခုတော့ “နှလုံးသားမြို့တော်” က အသစ်တစ်ဖန်ပြန်ပြီး အသက်ဝင်ရှင်သန် ခဲ့ပါပြီ။ “ကယ်တင်ရှင်” ကို သူ အရမ်းကျေးဇူးတင်သွားတယ်။ “နှလုံးသားမြို့တော်” မှာရာသက်ပန်နေဖို့ တောင်းဆိုလိုက်တယ်။ “ကယ်တင်ရှင်” မရှိရင် မဖြစ်တဲ့အကြောင်း ။“ကယ်တင်ရှင်”ကြောင့်ခုလို ပြန်လည်အသက်ဝင်လာရကြောင်း ၊ဒီမြို့လေးမှာပဲ နောက်ဆုံး ထွက်သက်ထိ နေသွားပေးဖို့ “နှလုံးသားမြို့တော်” က မေတ္တာရပ်ခံလိုက်တယ်။ အဲဒီတော့“ကယ်တင်ရှင်” က စဉ်းစားအုန်းမယ်ဆိုပြီး အဖြေပေးပါတယ်။ သူစဉ်းစားပြီးအဖြေရတော့“နှလုံးသားမြို့တော်” ကိုအဖြေပေးတယ်။ သူ “နှလုံးသားမြို့တော်”မှာ ရာသက်ပန် နောက်ဆုံးထွက်သက်ထိ နေသွားမယ့်အကြောင်း “နှလုံးသားမြို့တော်” ကိုပြန်လည်အဖြေပေးခဲ့တယ်။ “နှလုံးသားမြို့တော်” က ပျော်လွန်းလို့ “ဟေးးးးးးးးးးး” လို့အော်လိုက်မိတယ်။ အဲဒီတော့ “ကယ်တင်ရှင်” က “နှလုံးသားမြို့တော်” ကို မျက်စောင်းလှလှလေး တစ်ချက်ထိုးပါတယ်။ ဒီနေ့ က “နှလုံးသားမြို့တော်“ အတွက် အမှတ်တရ နေ့လေးတစ်နေ့ပါပဲ ။ ခုချိန်ထိမှတ်မိနေတုန်းပါပဲ။ အဲဒီနေ့ ကတော့ 2005 April 18 ရက်နေ့ ........ အဲဒီနေ့ကို “နှလုံးသားမြို့တော်” ရဲ့ နှစ်ပတ်လည်နေ့လို့ “ကယ်တင်ရှင်” နဲ့တိုင်ပင်ပြီး သတ်မှတ်လိုက်တယ်။ လာမယ့် April 18 ဆိုရင် “နှလုံးသားမြို့တော်” ရဲ့ နှစ်ပတ်လည်နေ့ဖြစ်သလို “ကယ်တင်ရှင်” က “နှလုံးသားမြို့တော်” မှာ ရာသက်ပန်ရိုးမြေကျနေမယ့်အကြောင်းလက်မှတ်ရေးထိုးမယ့်နေ့လေးတစ်နေ့လည်းဖြစ်ပါတယ်။
p-s: အားလုံးကိုဖိတ်ခေါ်ပါတယ်။

March 25, 2008

နှုတ်မဆက်ပဲ ထွက်သွားသူ

အတူထိုင်ဖူးတဲ့ ကော်ဖီဆိုင်လေးရဲ့ အတူထိုင်ဖူးတဲ့ ထိုင်ခုံလေးမှာ ငါအခု ထိုင်နေတယ်ချစ်သူ။
မပြောင်းလဲ့တဲ့ဒီဆိုင်လေးက မပြောင်းလဲသေးတဲ့ တေးသီချင်းလေးတွေကို ခုထိဖွင့်ထားတုန်းပါပဲ။
ပြောင်းလဲသွားတာက နင် တစ်ယောက်မရှိတော့ပါပဲ။
ဆိုင်စားပွဲထိုးလေးက လောကွတ်စကားဆိုပါတယ် အစ်မ မပါဘူးလား အစ်ကို တဲ့။
တစ်ဖက်လူက လောကွတ်စကား လို့ဆိုပေမယ့် ငါ့အတွက်တော့ ခံစားမှု ဒီဂရီတွေက
ရင်ဘတ်ထဲကနေ စောင့်တက်လာတယ်ချစ်သူ။
ကျေးဇူးပြု၍ တစ်ယောက်တည်းနေခွင့်ပြုပါ ။ မှာထားတဲ့ကော်ဖီကို
သောက်မယ်လုပ်တော့ ကော်ဖီခွက်ထဲမှာ မင်းမျက်နှာ ပေါ်လာပြန်တယ်။
တော်ပြီကွာ ဒီတိုင်းပဲထားလိုက်တော့မယ်။
ဒါနဲ့ပဲ ပိုက်ဆံရှင်းပြီး ဆိုင်ထဲကနေထွက်လာလိုက်တယ် ။ စားပွဲထိုးကောင်လေးက နောက်ကလိုက်လာပြီး
အစ်ကို ကော်ဖီက တစ်ခွက်ဖိုးပဲလေ ဆိုပြီး ပိုနေတဲ့ငွေကို ပြန်အမ်းတယ်။
ဘာကြောင့်ငါ ကော်ဖီနှစ်ခွက်ဖိုးပေးမိတာပါလိမ့်?
ဒီလိုနဲ့လျှောက်လာရင်း ဘယ်သွားရင်ကောင်းမလဲဆိုပြီး စဉ်းစားတယ်။
စိတ်သက်သာရာ ရမယ်ထင်တဲ့နေရာသွားရင်ကောင်းမယ်
လို့စဉ်းစားပြီး ဘုရားပေါ်တက်လာလိုက်တယ်။ ပန်းရောင်းတဲ့ကောင်မလေးက
အစ်ကို ပန်းမ၀ယ်တော့ဘူးလား တဲ့ ။
ဒီနေ့အစ်မ မပါဘူးနော် တဲ့။ ဟူး သေသာသေလိုက်ချင်တော့တယ်
ဒါနဲ့ပဲ သူ့ကိုပြုံးပြပြီး ပန်းတစ်စည်းဝယ်လိုက်တယ်။
စနေထောင့်သွားပြီး မပြည့်နိုင်တော့တဲ့ ဆုကိုတောင်းလိုက်မိတယ် ။ ချစ်သောသူနဲ့ ရာသက်ပန် ရိုးမြေကျ ပေါင်းရပါစေ လို့ ။ ခါတိုင်းဆိုရင်တော့ ဘုရားရင်ပြင်ပေါ်မှာ နှစ်ယောက်တူတူ ဆုတွေတောင်းလိုက်ကြတာ နာရီဝက်လောက်ကြာပါတယ်။ ခုတော့ လိုချင်တောင့်တ တဲ့ဆုတစ်ခုကို တောင်းလိုက်ပြီး ဘုရားရင်ပြင်ပေါ်ကနေဆင်းလာလိုက်တယ်။
ခုချိန်ထိနင်ကတော့ငါ့အနားမှာ ရှိနေတုန်းပဲ ချစ်သူ။ ကျေကွဲစရာတွေ နဲ့ပြည့်နှက်နေတဲ့ငါ
ပျော်ရွှင်ကြည်နူးစရာတွေကိုဘယ်မှာ လိုက်ရှာရမလဲ ချစ်သူ ?
အခုငါဘယ်သွားရမလဲ? မထူးတော့ပါဘူး အိမ်ပဲပြန်တော့မယ်။
အရာအားလုံးမေ့ပြီးခဏလောက်အိပ်ပစ်လိုက်တယ်။ မင်းက အိပ်မက်ထဲထိရောက်လာပြန်တယ်။
မင်းကိုသတိရတိုင်းသာ ပန်းတစ်ပွင့် ပွင့်မယ်ဆိုရင် ဒီကမ္ဘာကြီးပန်းတွေနဲ့ ပြည့်နှက်နေလောက်ပြီချစ်သူ။
သတိရတိုင်းမျက်ရည်ကျရလို့ ငါ့မှာ မျက်ရည်တွေလည်းခမ်းခြောက်ကုန်ပြီ။
ရူးတယ်လို့ ဆိုချင်ဆိုတော့ ငါနင့်ကိုတစ်ရက်မှ မမေ့ဘူးချစ်သူ။ အမှတ်တရပေါင်းများစွာ အုတ်မြစ်ချပြီးမှ
ဘာကြောင့်ငါ့အနားက ထွက်သွားရတာလဲ? ရက်စက်တဲ့လောကဓံတရားကြီးက ဘာဖြစ်လို့မင်းတစ်ယောက်ကိုမှ ရွေးပြီး
ခေါ်သွားရတာလဲ? ဖြစ်ချင်တာတွေဖြစ်မလာတာကိုက ငါတို့နှစ်ယောက်ရဲ့အတိတ်ကံလား? ကမ္ဘာတစ်ဖက်မှာ နင်ရှိသလို ကမ္ဘာတစ်ဖက်မှာ ငါရှိတယ်။ စိတ်မပျက်နဲ့ ချစ်သူ တစ်နေ့နေ့ ငါတို့နှစ်ယောက် ဆုံနိုင်မှာပါ။ ရောက်နေတဲ့နေရာလေးမှာ နင်ပျော်အောင်နေပါ ။ ငါ့အတွက်လည်းနင် စိတ်မပူနဲ့ ။ တို့နှစ်ယောက်ခဏလေး ဝေးတာလို့ သဘောထားလိုက်ပါ ။
ပြန်ဆုံကြမယ့်တစ်နေ့ရောက်ရင်သာ နင်ငါ့ကို အရင်လိုချစ်ခွင့်လေးတော့ ပြန်ပေးပါ လို့ ငါတောင်းဆိုချင်တယ်။
ဒါပေမယ့်................. ပြန်တွေ့ကြတဲ့ တစ်နေ့ ......................နင်ငါ့ကို မှတ်မိပါအုန်းမလား???

p-s: သူမကျွန်တော့်ကို တစ်ကယ်နှုတ်မဆက်ခဲ့ပါဘူး။

March 23, 2008

အသည်းကွဲဇာတ်လမ်းလေးတစ်ပုဒ်

အလွမ်း နဲ့အဆုံးသတ်မယ်မှန်းကြိုသိခဲ့ရင် ကျွန်တော့်ရင်ခွင်တစ်ခုလုံးကို ဘာလို့ ပုံအပ်ခဲ့မှာလဲ။ခုတော့...........
ဥသြ တွေတောင် တေးဆိုကုန်ပြီ။ လေရူးတွေလည်းတိုက်ကုန်ကြပြီ။ရင်ခွင်မှာလည်းခြစ်ခြစ်တောက်အောင်ကို ပူနေပြီ။
ကျေးဇူးပြု၍ အေးမြလတ်ဆတ်သော မေတ္တာတရားတွေ နဲ့ ငါ့ကို ကုစားပါချစ်သူ..
အချိန်တွေခဏလောက်နောက်ပြန်လှည့်ကြည့်လိုက်ပါ။မင်းထားခဲ့တဲ့နောက်ပိုင်းမှာ........
မင်းအတွက်ဆိုပြီး ပေးဆပ်ခဲ့တဲ့ ငါ့နှလုံးခုန်သံတစ်ချို့ ရေခဲမြစ်ထဲမှာ မြုပ်နေတာမင်းတွေ့လိမ့်မယ်။
အလွမ်းသီချင်းတွေ ဆိုနေတဲ့ အိပ်ပျက်ညတွေကို မင်းတွေ့လိမ့်မယ်။
ကြေမွ ပြဲစုတ်နေတဲ့ ဒိုင်ယာရီတွေ မင်းတွေ့လိမ့်မယ်။ကာရံမညီတဲ့ ကဗျာအပိုင်းအစတွေမင်းတွေ့လိမ့်မယ်။
ကြေကွဲစရာတွေပြည့်နှက်နေတဲ့ ငါ့ဘ၀အစိတ်အပိုင်းတစ်ချို့ကိုပါမင်းတွေ့လိမ့်မယ်။
တစ်ချိန်သော အခါက...........
ငါတို့နှစ်ယောက် တိမ်တွေစီးပြီး ဟိုး အဆုံးမရှိတဲ့ ခရီးကိုသွားခဲ့ဖူးတယ်။
ငါတို့နှစ်ယောက် ပင်လယ်သမုဒ္ဒရာကြီးကိုလည်းဖြတ်ဖူးတယ်။ငါတို့နှစ်ယောက် တောင်တွေဖြတ်ပြီး သီချင်းတွေလည်း
ညည်းခဲ့ဖူးတယ်။နှစ်ယောက်အတူရှိစဉ်တုန်းက အရာအားလုံးကို ရင်ဆိုင် နင့်အတွက်ငါ သူရဲကောင်းတစ်ယောက်
ဖြစ်ခဲ့ဖူးတယ်။ခုချိန်မှာတော့ ဒါတွေဟာ ပုံပြင်တစ်ပုဒ်ဖြစ်သွား ပြီလား?
အရာအားလုံးမင်းအတွက် လှပခဲ့တဲ့ ဒီအတိတ်ကို မင်းဘာကြောင့်စွန့်ခွါရတာလဲ???
`အတိတ်´ဆိုတဲ့ပန်းခင်းလေးကြောင့် `အနာဂတ်´ဆိုတဲ့ဥယျာဉ်ကြီး လှပရတာပါ။
သီးပွင့်တော့မယ့်အချိန်ရောက်မှ ဘာကြောင့်ဖျက်ဆီးပစ်လိုက်ရတာလဲ ကောင်မလေးရယ်?
အပြစ်မတင်ရက်တဲ့ငါ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့လိုက်ပါတော့မယ်။ ပျော်ပါစေချစ်သူ....
အရာရာကိုကျော်ဖြတ် ရင်ဆိုင်မယ့် နင့်အတွက်ဆိုပြီး ပေးဆပ်ခဲ့တဲ့ငါ......
ခုတော့ ဒဏ်ရာတွေ ဗလပွ နဲ့ ကျန်ရစ်ဖြစ်ခဲ့တာ သိပ်တော့လည်းမထူးဆန်းပါဘူး။
ကျန်ခဲ့တဲ့ရက်စွဲတွေ ပြန်လှန်ကြည့်ရင် နေ့တိုင်း ရက်ရာဇာ တွေပါပဲချစ်သူ။မနေ့ကအချိန်ထိပေါ့။
မနေချင်ရင်လည်းသွားပါတော့.........
အရာအားလုံးပြီးဆုံးသွားပြီဆိုတော့လည်း.............

p-s:ကျွန်တော့်ဘ၀တစ်စိတ်တစ်ဒေသပါ။

March 19, 2008

အိပ်မက်ဒဏ္ဍာရီ

ဒေါက်ဒေါက်...ဒေါက်ဒေါက်...ဒေါက်ဒေါက်...!!!
အဆက်မပြတ်ခေါက်နေတဲ့တံခါးခေါက်သံကြောင့် သော့ပေါက်ကနေ အပြင်ဖက်ကို
ချောင်းကြည့်လိုက်တယ်။
အလို......အိပ်မက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျွန်တော့်ရဲ့ စိတ်ကူးနတ်သမီးလေးကို
တအံ့တသြ တွေ့လိုက်ရတယ်။ သူမ ဘာလာလုပ်တာပါလိမ့်..???
ကျွန်တော်သူမဆီကို ၀င်ခွင့်တောင်းခဲ့တုန်းက သူမ ကျွန်တော့်ကို မသိချင်ယောင်
ဆောင်ခဲ့ပါသည်။ ခုတော့ သူမ ကကျွန်တော့်ကိုဝင်ခွင့်တောင်းနေပြီ။
ကျွန်တော်ဘာလုပ်ရမလဲ? နည်းနည်းတွေဝေသွားတယ်...။
နှလုံးသားက ၀င်ခွင့်ပြုဖို့ ဖိအားပေးနေပေမယ့် ဦးနှောက်က ခပ်တည်တည်လုပ်နေတယ်လေ။
ဒါနဲ့ပဲနောက်ဆုံး ကျွန်တော် ဦးနှောက်ကို လျစ်လျူရှု့လိုက်တယ်။
နှလုံးသား အလိုကျ သူမကို ကျွန်တော်ဝင်ခွင့်ပေးလိုက်တယ်။
သူမအပြုံးတစ်ချက်ကို ကျွန်တော့်အတွက်ခြွေချပြီး ညင်သာစွာ ၀င်လာခဲ့ပါတယ်။
သူမ ရောက်တဲ့အချိန်မှာပဲ ကျွန်တော် အနာဂတ်စားပွဲ တစ်ခုကို ခင်းလိုက်တယ်။
နောက်ပြီး အဲဒီအပေါ်မှာ အကြင်နာ၊အိပ်မက်၊မျှော်လင့်ချက်၊လက်တွေ့ဘ၀၊နားလည်မှု...
စတာတွေနဲ့ သူမကို တည်ခင်းဧည့်ခံလိုက်ပါတယ်။နောက်ပြီး.....
အဲဒါတွေ စားသုံးဖို့ သူမ လက်ထဲကို အချစ် ဆိုတဲ့ဇွန်းတစ်ချောင်း ထည့်ပေးလိုက်ပါတယ်။
အဆင်သင့်ဖြစ်ပြီးဆိုတော့မှ သူမကိုစားသုံးစေပါတယ်။
ပထမဦးဆုံး သူမ အကြင်နာ ကိုစတင်မြည်းစမ်းလိုက်ပါတယ်။ ကျွန်တော်က ဘယ်လိုနေလဲ
ဆိုတော့ သူမ ကချိုပါတယ်တဲ့။ နောက်ပြီး သူမ အိပ်မက် တွေကို ခပ်သောက်လိုက်တယ်...
ပြီးတော့ အတိုင်းမသိအောင်ကြည်နူးရတယ်တဲ့။နောက်တစ်ခါ မျှော်လင့်ချက်တွေကို သူမ စားကြည့်တယ်
အဲဒါအားဆေး တစ်ခွက်လားတဲ့ ကျွန်တော့်ကို မေးတယ် ။ ကျွန်တော်ပြုံးရုံ ပြုံးပြလိုက်ပါတယ်။
နောက်ပြီးတော့ လက်တွေ့ဘ၀ ကိုသူမ နည်းနည်းမြည်းကြည့်လိုက်တယ်။ချက်ချင်းပဲ သူမ နှာခေါင်းရှုံ့ပြီး
ပြန်ထွေးထုတ်မယ်လို့ လုပ်ပါတယ် ။ ပါးစပ်ကလည်း ခါးလိုက်တာ ဆိုပြီး သူမ ဆိုပါတယ်။
ဒါနဲ့ကျွန်တော်လည်း ခါးတယ်ဆိုပေမယ့် ထွေးတော့မထုတ်လိုက်ပါနဲ့ မြိုချလိုက်နော် လို့ ဆိုတော့
သူမ ကျွန်တော့်မျက်နှာ ကြည့်ပြီး အောင့်အည်း မြိုချလိုက်ပါတယ်။ သူမ တော်တော်လည်းခါးသွားမှန်း
ကျွန်တော်သိလိုက်တယ်။ဒါပေမယ့် သူမ မြိုချလိုက်တာကိုတွေ့တော့ ကျွန်တော့်ရင်မှာ အတိုင်းမသိအောင်
ပီတိတွေ ဖြစ်ရတယ်။ ဒီလိုနဲ့နောက်ဆုံးသူမကို နားလည်မှု တစ်ခွက်တိုက်လိုက်တယ်။ အားလုံးထဲမှာ အကောင်းဆုံး
ပဲလို့ သူမ ပြောပါတယ်။ ကျွန်တော် သူ့ ကိုတစ်ခုခုပြောမလို့စဉ်းစားနေပါတယ် ။
အဲဒီချိန်မှာပဲ........................။
တီတီ...တီတီ...တီတီ...တီတီ...
ကျွန်တော့်ရဲ့ နာရီနှိုးစက်သံကြောင့် အိပ်မက် ထဲကနေ လန့်နိုးသွားတယ်ဗျာ။
ကျွန်တော် စဉ်းစားနေတာက ဒါတွေဟာ အိပ်မက် မဟုတ်ရင်သိပ်ကောင်းမှာပဲ လို့သူမ ကိုပြောမလို့ပါပဲ။
ကဲခုတော့ ...........??

March 18, 2008

နှလုံးသားမြို့တော်

တစ်ခါတုန်းကပေါ့........
`နားလည်မှု´ နဲ့ `ကြင်နာမှု´ နှစ်ခုပေါင်းပြီးတည်ဆောက်ထားတဲ့ `နှလုံးသားမြို့တော်´ ဆိုတဲ့ မြို့လေးတစ်မြို့ ရှိသတဲ့။ အဲဒီမြို့လေးက တည်ငြိမ်အေးချမ်းတော့ လာလည်ချင်တဲ့သူတွေ အများကြီးပေါ့။ ဒါပေမယ့်အဲဒီမြို့ကို လာလည်ချင်တိုင်း လာလို့မရဘူးတဲ့။ အဲဒီမြို့ရဲ့စည်းကမ်းချက်တွေကိုလိုက်နာနိုင်မှ
အဲဒီမြို့ကို ၀င်ခွင့်ရတယ်တဲ့ ဖြတ်လျှောက်သွားတဲ့လူတိုင်းက `နှလုံးသားမြို့တော်´ ကို
ဝင်ရောက်လည်ပတ်ချင်ပေမယ့် စည်းကမ်းချက်တွေ မလိုက်နာနိုင်လို့အဝေးကပဲ ကြည့်သွားကြသတဲ့။
`နှလုံးသားမြို့တော်´ ရဲ့စည်းကမ်းချက်တွေက......
(၁) ကြင်နာတတ်သူဖြစ်ရမည်။
(၂) စာနာဖေးမတတ်သူဖြစ်ရမည်။
(၃) ရင်ခုန်သံတွေလတ်ဆတ်ရမည်။ တဲ့.........
စည်းကမ်းချက်တွေက အပေါ်ယံကြည့်ရင် လိုက်နာဖို့လွယ်ကူတယ်လို့ထင်ရပေမယ့် တစ်ကယ်တမ်းလိုက်နာ ဖို့အတွက်ခက်ခဲလွန်းတော့ `နှလုံးသားမြို့တော်´ ကြီးမှာဧည့်သည်မလာပဲ အထီးကျန်နေတာပေါ့။
ဒီလိုနဲ့တစ်နေ့မှာ.....`နှလုံးသားမြို့တော်´ကိုဧည့်သည်တစ်ယောက်ရောက်လာပါတယ်။
အဲဒီဧည့်သည်ဟာ စည်းကမ်းချက်တွေ ကိုလိုက်နာနိုင်လို့ ရောက်လာတာပဲဆိုပြီး
`နှလုံးသားမြို့တော်´ က နွေးထွေးစွာနဲ့ကြိုဆို လိုက်တယ်။ဒါပေမယ့်အဲဒီဧည့်သည်က
ခြွင်းချက်တစ်ခုတော့ရှိတယ်။ဘာလဲဆိုတော့ ရင်ခုန်သံတစ်ချို့မလတ် ဆတ်တော့ပါဘူး။
ဘာပဲဖြစ်ဖြစ်လေ ရောက်လာပြီပဲ ကိုယ့်ဖက်ကဧည့်ဝတ်ကျေရမှာပေါ့ဆိုပြီး
`နှလုံးသားမြို့တော်´ ကြီးက ဧည့်သည်ရောက်တဲ့နေ့ကစပြီးအမှုတော်ထမ်းရွက်ပါတော့တယ်။
`နားလည်မှု´ နဲ့ `ကြင်နာမှု´ ကိုလည်းသေချာမှာထားတယ်။
ဧည့်သည်ကို သေချာဂရုတစိုက်ရှိဖို့ကိုပေါ့။
တစ်ကယ်တမ်းလည်း `နှလုံးသားမြို့တော်´ ကြီးက
ဧည့်သည်အပေါ်မှာ အင်မတန်မှ ဧည့်ဝတ်ကျေခဲ့ပါတယ်။
ဘာပဲလိုလိုချက်ချင်းပဲရအောင်ဖြည့်ဆည်းပေးခဲ့ပါတယ်။
တစ်ခုခုတောင့်တတာနဲ့ချက်ချင်းပဲရအောင် ဆောင်ရွက်ပေးရှာတယ်။
`နှလုံးသားမြို့တော်´ရဲ့ ဧည့်ဝတ်ကျေပွန်မှုကြောင့် ဧည့်သည်ရဲ့ ရင်ခုန်သံတစ်ချို့
ပြန်လည်အသက်ဝင် ရှင်သန်လာပါတယ်။ဧည့်သည်ကတော့ဒါတွေကိုမသိပါဘူး။
`နှလုံးသားမြို့တော်´ ကတော့ သူ့ကြောင့်ဧည့်သည်ပျော်ရွှင်နေတာကို မြင်ရတော့
ကျေနပ်နေတာပေါ့။ ဖြစ်နိုင်ရင်ဧည့်သည်ကို သူ့ဆီမှာတစ်သက်လုံး နေစေချင်တယ်လေ...
ဒီလိုနဲ့တစ်နေ့မှာတော့........
`နှလုံးသားမြို့တော်´ ငိုင်နေတာကို `နားလည်မှု´ နဲ့ `ကြင်နာမှု´
ကတွေ့တော့ ဘာဖြစ်လို့မှိုင်နေတာလဲလို့မေးတယ်။
ဒီတော့`နှလုံးသားမြို့တော်´ ကြီးက
ဧည့်သည်မရှိတော့ဘူးတဲ့။ မင်းတို့ ဧည့်သည်ကို သေချာဂရုမစိုက်ဘူးလားလို့မေးတော့
`နားလည်မှု´ က ကျွန်တော်သူ့ကိုဂရုစိုက်ပါတယ်။
သူ ဘာပြောပြော ဘာလုပ်လုပ် ဘာမှပြန်မပြောပဲ ပြုံးပြုံးလေးနဲ့
သူ့ကိုပဲကြည့်နေခဲ့ပါတယ် တဲ့။ `ကြင်နာမှု´ ကလည်း ကျွန်တော်လည်း
သူ့ကိုဂရုတစိုက်ရှိခဲ့ပါတယ်။သူလိုအပ်တာမှန်သမျှတယုတယနဲ့
ဖြည့်ဆည်းပေးခဲ့ တာချည်းပါပဲတဲ့။ အဲဒီတော့ `နှလုံးသားမြို့တော်´ ကစဉ်းစားတယ်။
ဒီလောက်ဧည့်ဝတ်ကျေနေပါရက်နဲ့ ဘာဖြစ်လို့ ဧည့်သည်က ပြန်သွားရတာလဲပေါ့။ သူတို့သုံးဦး ခေါင်းချင်းဆိုင်ပြီးစဉ်းစားတယ်။နောက်ဆုံးတော့ အဖြေတစ်ခုရသွားတယ်။
ဘာလဲဆိုတော့ .........
ဧည့်သည်ဆိုတာ အချိန်တန်ရင်အိမ်ပြန်မှာပဲ ဆိုတာကိုပေါ့။
အဲဒီဧည့်သည်ပြန်သွားတဲ့နောက်ပိုင်းကစပြီး `နှလုံးသားမြို့တော်´ လည်းရင်ကွဲနာကျပြီးပျက်စီးသွားသတဲ့။


p-s: လွန်ခဲ့သော ၇ နှစ်တာကာလကပေါ့.......။

March 16, 2008

အထီးကျန်


တိတ်တဆိတ်ဝင်လာတယ်ဆိုပြီး...
ဒီလိုပဲ အမှတ်တမဲ့ ထွက်သွားခဲ့တယ်။
လွမ်းလို့ ကျန်ရစ်ခဲ့မှာ ကိုတော့..........
သူ မသိပါဘူး။
ကျန်နေသူရင်ခွင်ကို အပူတွေတစ်လှေကြီးနဲ့
ဒဏ်ရာတွေ အနာမကျက်အောင်
ပြုစားရက်တဲ့သူ။
အမှတ်တမဲ့ ဆိုပြီး ထားရစ်တဲ့သူက
ထားခဲ့ပေမယ့်
အမှတ်တရ ပေါင်းများစွာနဲ့ ကျန်ရစ်ခဲ့တာ
ကျွန်တော် ပါပဲ...။
ဇာတ်သိမ်းခန်းလည်းရောက်ပြီ...
နောက်ဆုံးတော့လည်း...
ကျွန်တော်တစ်ယောက်တည်းပါပဲ။

မမေ့နိုင်

ဖမ်းဆုပ်မရတော့တဲ့ အိပ်မက်တစ်ခုကို
ဘာကြောင့် မက်မောနေရတာလဲ...?
ပိုင်ဆိုင်ခွင့်မရှိတော့တဲ့ အနာဂတ်လေးကို
ဘာကြောင့်ပြန် လိုချင်တာလဲ...?
ပြိုပျက်သွားတဲ့ မျှော်လင့်ခြင်းတွေကို
ဘာကြောင့် တမ်းတနေတာလဲ...?
ပျော်စရာကမ္ဘာလေးကို
ဖျက်ဆီးပစ်ခဲ့တာ ဘာကြောင့်လဲ...?
နေ့ ည တွေ ကဗျာမဆန်တော့တာ
မင်းမရှိတော့လို့လား...?
ကြယ်တစ်ပွင့် ကြွေကျသွားတာကရော
မင်းအတွက်ဆုတောင်းပေးတာလား...?
ဆောင်းတွင်းညတွေ ခိုက်ခိုက်တုန်နေတာကရော
အဝေးဆုံးကို မင်းရောက်သွားလို့လား...?
အရာအားလုံးပျောက်ပျက်သွားပေမယ့်.......
ငါ့နှလုံးသား အနက်ရှိုင်းဆုံးနေရာမှာ
မင်းကတော့ ခုချိန်ထိ ရှိနေသေးတယ် ချစ်သူ......။
ပြန်လာပါလို့ ငါမတောင်းဆိုပါဘူး
လမ်းကြုံရင်တော့ ၀င်ခဲ့ပေါ့....။
ကြင်နာမှုတွေနဲ့ လက်ကမ်းလို့ ကြိုနေမယ်
တစ်ချိန်က မင်းရဲ့အိမ်လေး .....။
p-s:ရင်ဘတ်ထဲကထွက်ကျလာတဲ့စကားလုံးတစ်ချို့ပါ...။

March 13, 2008

ကမ္ဘာခြားသွားတဲ့ချစ်သူ


ကမ္ဘာတစ်ဖက်စီခြားခဲ့ပြီချစ်သူ တစ်ခါတစ်ရံငါသတိရတဲ့အခါ ပျော်ဖူးခဲ့တဲ့အတိတ်ကို စိတ်ထဲမှာ
မြင်ယောင်တယ်.တို့နှစ်ယောက်သိပ်ချစ်ခဲ့ကြတဲ့ အရင်အတိတ်တွေကိုဘယ်သူတွေပြန်ယူပေးနိုင်မှာလဲ.
တို့နှစ်ယောက်ရဲ့အတိတ်ကိုတို့နှစ်ယောက်ပိုင်ခဲ့သလို . တို့နှစ်ယောက်ရဲ့အနာဂတ်ဟာလဲ
နားလည်မှုတွေလွဲခဲ့တဲ့ တို့နှစ်ယောက်ကြားကအဖြစ်အပျက်တွေကြောင့်
လေထဲတိုက်အိမ်ဆောက်သလိုဖြစ်ခဲ့ရပြီ...တစ်ရက်မှမမေ့ဘူးချစ်သူ..
ဆုံးရှုံးခဲ့တဲ့သံယောဇဉ်တွေ
နားလည်မှုတွေ ကြင်နာမှုတွေ ကူညီဖေးမခဲ့မှုတွေ ဒါတွေကိုငါဘယ်မှာလိုက်ရှာရမလဲ.ဖြေပါချစ်သူ.
တယုတယနဲ့ပျိုးခဲ့ရတဲ့ငါ့ရဲ့နှင်းဆီအိပ်မက်တွေ ရေပေါ်အရုပ်ဆွဲသလိုဖြစ်ကုန်ပြီ. ပြန်လာခဲ့ပါလို့
မျှော်လင့်ခွင့်မရှိတော့ပေမယ့် မင်းအိမ်ပြန်လာမယ့်နေ့ ရက်တွေကိုငါကတော့ ရူးသွပ်စွာနဲ့ဒီနေ့ထိ
စောင့်မျှော်နေတုန်းပါပဲချစ်သူ.. ဟိုးအဝေးကြီးကိုတစ်ယောက်တည်းထွက်သွားတဲ့မင်းရဲ့နောက်ကိုတစ်နေ့
တော့ငါလိုက်လာမှာပါချစ်သူ ..ဖမ်းဆုတ်မရတော့တဲ့ ငါတို့နှစ်ယောက်ရဲ့ မျှော်လင့်ခြင်းတွေကို ဒီမျှနဲ့ပဲ
အဆုံးသတ်ခွင့်ပေးပါချစ်သူ..လွမ်းလွမ်းဆွေးဆွေးနဲ့ငါရင်ကွဲနေချိန်မှာမင်းကတော့ဒါတွေကို မသိနိုင်တော့ပါဘူး..ကမ္ဘာတစ်ဖက်မှာမင်းပျော်ရွှင်စေဖို့ ငါဆုတောင်းပေးပါတယ်ချစ်သူ..
တစ်နေ့တော့ငါမင်းနဲ့ ဆုံနိုင်ကောင်းပါတယ်... တစ်နေ့နေ့ပေါ့.........။
ကမ္ဘာခြားသွားတဲ့ချစ်သူအတွက်......

နားလည်မှု

`သူ´က ဘယ်နေရာမဆို တော်တော်လေးအရေးကြီးတဲ့ အရာတစ်ခုအဖြစ် ဖြစ်တည်နေတယ်ဆိုတာ သင်လည်း သိမှာပါ။ `သူ´မရှိရင် အရာရာမှာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဘာပဲလုပ်လုပ် ဘ၀င်မကျနိုင်ပါဘူး။ `သူ´က သင့်ကို ဟိုးအမြင့်ကြီးရောက်အောင်ပို့ဆောင်ပေးနိုင်သလို ဟိုးအောက်ဆုံးရောက်အောင် ဆွဲချ သွားနိုင်တယ် ဆိုတာ သင်သိပါလိမ့်မယ်။ အရာရာမှာအောင်မြင်နိုင်ဖို့ ဆိုရင်အရင်ဦးဆုံးသင် `သူ့´ ကိုခင်မင်တတ်အောင်ကြိုးစားရပါမယ်။ `သူ´ က မိသားစုကြားမှာလည်းအရေး ပါတယ်။ အသိုင်းအ၀ိုင်းကြားမှာလည်း အရေးပါတယ်။ ပတ်ဝန်းကျင်မှာလည်းအရေးပါတယ်။ လူငယ်ကြားမှာ လည်းအရေးပါတယ်။ လူကြီးတွေကြားမှာလည်းအရေးပါတယ်။ ချစ်သူတွေကြားမှာလည်းအရေးပါသလို အိမ်ထောင် တစ်ခုမှာလည်း အရေးပါတယ်။ `သူ´ ဟာ အရာရာမှာ ပိုင်ဆိုးသူပါ။ နောက်ဆုံးသင်နဲ့ ကျွန်ုပ်ကြား မှာလည်းသူက အရေးပါတယ်ဆိုတာ သင်မမေ့ထားပါနဲ့။ `သူ´ မရှိရင် သင်နဲ့ကျွန်ုပ်ရှေ့ဆက်လို့ ရမှာမဟုတ် တော့ဘူး ။ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေအဖြစ်နဲ့ ကိုဆိုလိုတာပါ။ `သူ့´ ကြောင့်ကျွန်တော့်ဘ၀ကြီး အကြိမ်ကြိမ် သေခဲ့ရဖူးသလို `သူ့´ ကြောင့်ပဲကျွန်တော့်ဘ၀ကြီး အနာဂတ်အိပ်မက်တွေ မက်ခွင့်ရခဲ့ဖူးတယ်။ `သူ့´အတွက်နဲ့အကြိမ်ကြိမ်လဲကျပြိုပျက်သွားသူတွေကို `သူ´ကပဲ ပြန်ပြီးဖေးမကူညီနိုင်ပါတယ်။ ဘယ်အရာ တွေလဲကျရှုံးနိမ့်ပါစေ `သူ´ကတော့ဘယ်တော့မှမရှုံးပဲ အရာအားလုံးကို ခပ်ပြုံးပြုံးနဲ့နွေးထွေးစွာကြိုဆိုနေသူပါ။
p.s-ရေးမိရေးရာလေးပါ။ဖတ်ပြီးအမြင်မကပ်ကြပါနဲ့။

ဟဲလို


`ဟဲလို´ ဆိုတဲ့ အသံလေးကိုကြားလိုက်ရင် ကျွန်တော့်ရင်ထဲမှာတော်တော်လေးကို ကြည်နူးရတယ်။ ကျွန်တော် နဲ့သက်ဆိုင်တဲ့တစ်ဦးတစ်ယောက်ဆီက ပြောလာမယ့် အသံလေးကိုဆိုလိုတာပါ။ ကျွန်တော်နဲ့သူမ တစ်ရက် ကိုအနည်းဆုံး သုံးခါလောက် ဖုန်းပြောဖြစ်တယ်။မနက်စောစော တစ်ခါ နေ့လည်တစ်ခါ နဲ့ ညအိပ်ရာဝင်ခါနီး တစ်ခါ ပါ။တစ်ခါပြောရင်အနည်းဆုံး တစ်နာရီလောက်တော့ကြာပါတယ်။ ညအချိန်ဆိုရင်တော့ ဒီ့ထက်ပိုပါပြီ။ အဲဒီလောက်တောင်ပြောနေတာ တစ်ရက် တစ်ရက် ဘာတွေပြောလဲလို့ မေးလာမယ့်လူရှိရင် ကျွန်တော်မဖြေ တတ်ပါဘူး။ ချစ်သူကောင်မလေးနဲ့ဖုန်းပြောနေတဲ့သူတွေ နားလည်ပါလိမ့်မယ်။ သူမနှုတ်ဖျားကထွက်လာတဲ့ `ဟဲလို´ဆိုတဲ့ အသံလေးက ကျွန်တော့်အတွက်တော့ အချစ်သီချင်းလေးတစ်ပုဒ်ပါပဲ။အဲဒီအသံလေးကို ကျွန်တော် နေ့တိုင်းနားထောင်နေပေမယ့် တစ်ရက်မှ မရိုးသွားပါဘူး။ သူက အိပ်မက်တွေကို ဆက်လက် ရှင်သန်စေသလို ညကောင်းကင်မှာ ကြယ်တွေကို အစွမ်းကုန် လင်းလက်စေပါတယ်။ တစ်ခါတစ်လေမှာ အကြောင်းတစ်ခုခုကြောင့် ဖုန်းမဆက်ဖြစ်တဲ့နေ့ရက် တစ်ချို့ရှိခဲ့ဖူးပါတယ်။ အဲဒီနေ့တွေဟာ ကျွန်တော့် အတွက် တော့သူမနဲ့ပက်သက်ပြီး အိပ်ပျက်ခဲ့တဲ့နေ့ရက်တွေဖြစ်ခဲ့ရတယ်။ ဒါပေမယ့် နောက်တစ်နေ့မှာ သူမ နှုတ်ဖျားက ထွက်ပေါ်လာပြီး လေလှိုင်းကြားကတစ်ဆင့် ကျွန်တော့်နားထဲကို METAL သံတစ်ခုအဖြစ်နဲ`ဟဲလို´ ဆိုတဲ့ အသံလေးကိုကြားလိုက်ရရင်တော့ ညက အိပ်ပျက်ခဲ့တာတွေဟာ အလိုလိုပြေပျောက်သွား ရလောက်အောင် ကျွန်တော့်ကိုသူမ စွမ်းဆောင်နိုင်ပါတယ်။ကျွန်တော်နဲ့သူမ ဖုန်းပြောလာတာခုဆိုရင် တစ်နှစ်ကျော်လောက်ရှိခဲ့ပါပြီ။ လူချင်းတွေ့ နေရပေမယ့် ဖုန်းတော့နေ့တိုင်းပြောဖြစ်ပါတယ်။ သူမနှုတ်ဖျားက `ဟဲလို´ဆိုတဲ့အသံလေးကို ကျွန်တော် တစ်ရက်မကြားရရင် အိပ်မပျော်လို့ပါ။ နောက်နေ့ပေါင်းများစွာမှာ လည်းကျွန်တော်နဲ့သူမ ဖုန်းပြောနေအုန်းမှာပါပဲ။ ဟော ပြောရင်းဆိုရင်းဒီ Post လေးကိုရေးနေတုန်း သူမဖုန်းခေါ်လာပါပြီ။ `ဟဲလို´ တဲ့ ။ တော်ပြီဗျာ ကျွန်တော် သူမနဲ့ ဖုန်းပြောလိုက်ဦးမယ် ...........။
p.s -ကျွန်တော်နဲ့သက်ဆိုင်သော `ဟဲလို´ လေးပါ.....။

March 12, 2008

ကျွန်တော်နဲ့ကောင်မလေး (၂)



သူမနဲ့ကျွန်တော်အပြင်မှာတစ်ခါမှမတွေ့ဖူးပါဘူး။ဆိုလိုတာက သူမနဲ့ကျွန်တော့်ကိုသူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးတာပါ။အဲလိုမိတ်ဆက်ပေးတာကလည်း အခုခေတ်ရဲ့မရှိမဖြစ် အင်တာနက်အွန်လိုင်းပေါ်မှာ။အဲဒီ တော့ သူမကိုကျွန်တော် အပြင်မှာမမြင်ဖူးပါဘူး။ သူမရဲ့ PHOTO ကိုတော့သူမ ပြလို့မြင်ဖူးသလို ကျွန်တော့် PHOTO ကိုလည်းသူမ မြင်ဖူးပါတယ်။ ကျွန်တော်တို့နှစ်ယောက် အပြန်အလှန်စကားတွေပြောရင်း တော်တော် လေးကိုနားလည်မှုတွေ ရှိခဲ့ကြပါတယ်။သူမနဲ့ကျွန်တော်က တော့မိုင်ပေါင်းထောင်ချီပြီးဝေးပါတယ်။ကျွန်တော် နေတဲ့ နေရာလေးက Goodnight လုပ်တဲ့အခါ သူမဖက်တော့ Goodmorning ပေါ့။ဒါပေမယ့်သူမနဲ့ကျွန်တော် က ဟိုးအရင်တုန်းက မြို့လေးတစ်မြို့မှာ အတူတူ နေခဲ့ကြတဲ့သူတွေပါ။အဲဒီတုန်းကမသိခဲ့ကြပဲ တစ်ယောက် တစ်နေရာဆီ နေကြတဲ့ခုခါကျမှ သူမ နဲ့ ကျွန်တော်သိခွင့်ရတဲ့ အဖြစ်လေးကိုကျွန်တော်နည်းနည်းလေးတော့ အံ့သြမိပါတယ်။
သူမနဲ့ကျွန်တော် လူမျိုးချင်းတူပေမယ့် ကိုးကွယ်တဲ့ဘာသားတရားချင်းမတူပါဘူး။ အဲဒီအရာက ကျွန်တော်တို့ နှစ်ယောက်ကြားမှာတော့ ကြီးမားတဲ့ တံတိုင်းကြီး တစ်ခု ဖြစ်ခဲ့လိမ့်မယ်ဆိုတာ ကျွန်တော် စောစောကတည်းက သိခဲ့ပေမယ့်သိသိကြီးနဲ့ ပဲ ရှေ့ဆက်တိုးခဲ့ပါတယ်။ သူမနဲ့ကျွန်တော်ချစ်သူတွေဖြစ်ခဲ့ကြ ပါတယ်။
သူမက ကျွန်တော့်ကို အစွမ်းကုန်နားလည်ပေးပါတယ်။အဝေးကြီးမှာနေပြီး တစ်အိမ်ထဲမှာအတူနေတဲ့ လူတစ်ယောက်လို ကျွန်တော့်ကို ဂရုတစိုက်ရှိခဲ့ပါတယ်။ သူမနဲ့ကျွန်တော် ချစ်သူတွေဖြစ်ပြီး တစ်လလောက်မှာ ကျွန်တော် နဲ့သူမ ဘာသာအယူဝါဒတွေအကြောင်းဆွေးနွေးဖြစ်ခဲ့တယ်။သူမ နဲ့ ကျွန်တော် ဘယ်လိုမှ ညှိလို့ မရပါဘူး။ ဘာသာမတူရင်မချစ်ရဘူးလို့တော့ပညတ်ချက်တွေ မရှိပေမယ့် ဘ၀တစ်ခုတည်ဆောက်ဖို့အတွက် တော့ ကျွန်တော်စဉ်းစားရပါပြီ။

ဒါဆိုကျွန်တော်ဘယ်လို ဆက်လုပ်ရမလဲ ။
သူမ နဲ့ကျွန်တော့်အတွက်အကောင်း ဆုံးအဖြေက လမ်းခွဲဖို့ ကလွဲပြီး ဘာရှိတော့မှာလဲ???

တစ်နေ့ကျွန်တော်နဲ့သူမ စကားပြောတော့ ကျွန်တော် က လမ်းခွဲဖို့အကြောင်းကိုစပြောတယ်။ သူမ က ဘာဖြစ်လို့လဲ လို့ မေးတယ်။ ကျွန်တော်သူမကိုမရှင်းပြနိုင်ခဲ့ ပါဘူး။

မေ့လိုက်ဖို့အကြောင်းကိုပဲ နှုတ်က အကြိမ်ကြိမ် ပြောနေခဲ့တယ်။
သူမကတော့လမ်းခွဲရခြင်းရဲ့အကြောင်းပြချက်ကို တတွတ်တွတ်မေးတယ်။

ကျွန်တော်သူမ ကိုတစ်ကယ်ချစ်ခဲ့ တယ်ဆိုတာ သူမ သိသလို သူမရဲ့အချစ်ကိုလည်းကျွန်တော် နားလည်ခဲ့ပါတယ်။ ဒါပေမယ့် သူမ နဲ့ ကျွန်တော် ရှေ့ဆက်ဖို့က သူမဖက်ကလျှော့ပေးမှာမဟုတ်သလို ကျွန်တော့်ဖက်ကရော???
ခုလောက်ဆိုရင် သူမနဲ့ကျွန်တော် ဘာကြောင့်လမ်းခွဲ ခဲ့ကြတယ်ဆိုတာ သူမ သိလောက်ရောပေါ့.............။

March 11, 2008

ကျွန်တော်နဲ့ကောင်မလေး


ဒီနေ့ ကျွန်တော်နဲ့ကျွန်တော့်ကောင်မလေး အဆင်မပြေဖြစ်တယ်ဗျာ.သိပ်မကြာခင်အချိန်အတွင်းမှာလက်ထပ် တော့မယ့် ကျွန်တော့်ချစ်သူက ကျွန်တော့်ကို နားမလည်နိုင်သေးတာ ကိုကျွန်တော်ဘယ်လိုလုပ်ရမလဲမသိဘူး ဖြစ်နေတယ်။သူက ကျွန်တော့်ထက် လေးနှစ်လောက်တော့ငယ်ပါတယ်။ ကျွန်တော်သူမကို ချစ်သူလိုရော ညီမ လေးတစ်ယောက်လိုပါ ဂရုတစိုက်နဲ့ ချစ်လာခဲ့တာ ခုဆိုရင် သုံးနှစ် သုံးမိုးတောင်ရှိတော့မယ်။ သူမနဲ့ကျွန်တော် အဆင်မပြေဖြစ်တာခုမှမဟုတ်ပါဘူး ဟိုးအရင်ကတည်းကပါ။

သူမက ကလေးတစ်ယောက်လို ကျွန်တော့်အပေါ် ဆိုးတယ်။ဆိုးစမ်းပါစေ ကျွန်တော်နားလည်ခွင့်လွှတ်လို့ရတာပေါ့။ပြီးတော့သူမက ဘာမဟုတ် တာလေးတွေက အစ ကျွန်တော့်ကို ချုပ်ချယ်တယ်။ဥပမာ.ကျွန်တော်သူငယ်ချင်းကောင်မလေးတွေနဲ့ အတူတူ တွေ့ရင်ရှေ့မှာတော့ဘာမှမပြောပါဘူး။မျက်နှာလေးကပြုံးလို့ ။သူအဲလိုပြုံးပြီးဆိုရင် ကျွန်တော်နာပြီလို့သာ မှတ်ပေတော့။နောက်ကွယ်ရောက်ရင်ကျွန်တော့်ဗိုက်ခေါက်ကိုလိမ်ဆွဲ ပြီးရှင်က ဘာဖြစ်တယ် ညာဖြစ်တယ်ဆို ပြီး ပြဿနာရှာတော့တာပါပဲ။ အဲဒီခါကျရင်ကျွန်တော်ကလည်း နားလည်မပေးရကောင်းလားဆိုပြီး သူ့ကိုပြန်ပြီး စိတ်ဆိုးတာပေါ့။ အဲဒီခါကျတော့သူမက ချစ်လို့သ၀န်တိုတာတဲ့။ သူချစ်တာကိုနားမလည်ဘူးလား တဲ့။သေရော။ ကျွန်တော်ပြန်စိတ်ဆိုးတော့သူမက ပြန်ပြီးကျွန်တော့်ကို နားလည်မပေးဘူး တဲ့။ ချာလပတ်ကိုရမ်းနေတာပဲဗျာ။ ဘာပဲပြောပြောသူမနဲ့ချစ်သူဖြစ်ရတာ ကျွန်တော့်အတွက် ကျေနပ်စရာတွေချည်းပါပဲ။ တစ်ခါတစ်လေ အဆင် မပြေဖြစ်တာကလွဲရင်ပေါ့။ ဒါကလည်းချစ်သူတွေကြားမှာဖြစ်တတ်တဲ့သဘောတရားလေးတွေဆိုတာ ကျွန်တော် နားလည်ထားပါတယ်။ အခုတော့သူမနဲ့ကျွန်တော်က တစ်ယောက်တစ်နေရာဆီမှာပါ။သိပ်အဝေးကြီးမဟုတ်ပါ ဘူး သူမနဲ့ကျွန်တော့်ကြားမှာ မိုင်တစ်ရာကျော်ကျော်လောက်ပဲခြားထားတာပါ။နေ့ချင်းသွားပြီးနေ့ချင်းပြန်လို့ ရပါတယ်။ သူမနဲ့ဝေးနေပေမယ့် ကျွန်တော်သူမအပေါ်မှာ ထားခဲ့တဲ့ဂတိတွေ မပျက်ခဲ့ပါဘူး။ ခုလိုခဏခွဲနေကြ တာကလည်းသူမနဲ့ ကျွန်တော်အတူနေနိုင်ဖို့ပါ။ ချစ်သူနဲ့ခွဲပြီးနေနေရတဲ့ဘ၀က ခွဲခွါဖူးတဲ့သူတွေပဲ ကိုယ်ချင်း စာတတ်တာပါ။

ကျွန်တော်သူ့ကိုဘယ်လောက်သတိရနေကြောင်း၊ ဘယ်လောက်လွမ်းနေကြောင်း၊ သူ့အတွက် ဘယ်လောက်အတိုင်းအတာအထိပေးဆပ်ထားကြောင်းသူမ နားမလည်ပါဘူး။ သူမသိတာ သံသယတွေပါပဲ။ သူမပြောသလိုဆိုရင်တော့ ချစ်လို့သ၀န်တိုတယ်ပေါ့ဗျာ။ ဘာဖြစ်ဖြစ်ကျွန်တော်သူမကိုချစ်တယ်။ သူမကလည်း ကျွန်တော်နဲ့ထပ်တူပဲဆိုတာ ကျွန်တော့် နှလုံးသားထဲမှာ အလိုလိုသိထားတယ်။နားမလည်အဆင်မပြေမှုတွေရှိ ပေမယ့်ဒါတွေက ခဏလေးပါပဲ။ပြီးရင်နှစ်ယောက်စလုံးနေနိုင်ကြတာမဟုတ်ပါဘူး။ဘယ်သူအရင်စခေါ်မလဲဆိုပြီး တစ်ယောက်နဲ့တစ်ယောက် စောင့်ကြည့်နေကြတဲ့သူတွေပါ။ သိပ်မကြာခင်အချိန်လေးအတွင်းမှာသူမနဲ့ ကျွန်တော်လက်ထပ်တော့မယ်။ ရည်ရွယ်ထားတဲ့ဘ၀တစ်ခု ကိုလက်တွေ့ တည်ဆောက်တော့မယ် ။ခုချိန် ဆိုရင်သူမဘယ်လောက်များပျော်နေမလဲ။ ကျွန်တော်ရော ...........???

ငါ.......!

စိတ်ကူးနဲ့ဘ၀ ပေါင်းစပ်ကြည့်တော့ ဘ၀က စောက်ထိုးကြီးဖြစ်နေတယ်..အခြေမခိုင်တဲ့စိတ်ဓါတ်တွေက
လေနှင်ရာ လွင့်ချင်ပေမယ့် ဘယ်ကိုရောက်မယ်ဆိုတာကိုတော့ ကြိုသိချင်တယ်.ကံကြမ္မာရဲ့ထိုးနှက်ချက်က
ဘုန်းကနဲ ဖင်ထိုင်လဲကျလောက်အောင်ပြင်းထန်လွန်းတော့ နလန်ထူဖို့ဆိုတာ မနက်ဖြန်လား ဒါမှမဟုတ်
သန်ဘက်ခါလား..... ဘ၀ကခါးတော့ အိပ်မက်တွေက မှုန်ဝါးဝါးပါပဲ ....တစ်ချိန်မှာအမြင့်ကိုရောက်ဖို့
အောက်ကနေနေပေးရတဲ့ဘ၀က ချောတိုင်တက်နေရသလိုပါပဲ..သူတစ်လှည့် ကိုယ်တစ်လှည့်လေ..... ဘဝ
ကိုလက်ပစ်ကူးကြည့်တော့ စုတ်ပြတ်သတ်နေတဲ့ လှိုင်းလုံးတွေကြားမှာ အတွေးအခေါ် တွေဖူးပွင့်လာတယ်...
တစ်ယောက်တည်းနေလို့မရတဲ့ဘ၀မှာ ဖေးမပေးမယ့်သူ ကိုပဲအဖော်လုပ်ချင်တယ် အပြန်အလှန်နားမှု ကိုငါ
လိုချင်တာ....သိုးယောင်ဆောင်ထားတဲ့မျက်နှာဖုံးတွေအောက်က အတ္တအစစ်အမှန် တွေကိုဘယ်သူ
တစ်ယောက်မှ မမြင်ပါဘူး... ကိုယ့်ကိုယ်ကိုတောင်မှ ၀ါးတားတား ..ဘာမှမပါပဲငါဒီနေရာကိုရောက်ခဲ့ပေမယ့်
ငါပြန်သွားရင်တော့ ငါ့နာမည်ကိုဒီနေရာမှာထားခဲ့ချင်တယ်....မျက်ရည်တွေခမ်းချောက်နေတဲ့ဒီကမ္ဘာမြေကြီး
ပေါ်မှာ မေတ္တာမိုးရေတွေရွာသွန်းပေးချင်တာ ငါ့ဆန္ဒအစစ်အမှန်ပါ...ဆေးရောင်စုံတွေစုံလင်တဲ့လူသားတွေ
ကြားမှာ ငါတစ်ကယ်တပ်မက်တာ က အဖြူရောင်စစ်စစ်....ခါးသီးတဲ့ဝေဒနာတွေကို ကုစားပေးဖို့အချိန်ဆိုတဲ့
သမားတော်က အကောင်းဆုံးပါပဲ.... အနာကျက်မြန်အောင်တော့ မျှော်လင့်ခြင်း တွေကိုစားသုံးရလိမ့်မယ် ..
အပြိုင်အဆိုင် အတိုက်အခိုက်တွေသိပ်များတဲ့ လောကဘောင်ကြီးထဲမှာ တစ်ကြိမ်တစ်ခါမှ မကျရှုံးချင်တာက
တော့ ငါ့အတ္တ ပဲ.............
အရင်က multiply မှာရေးထားတာပါ .....

????


ချစ်သူ ............
မင်းအကြောင်းတွေတွေးရင်
ငါ့ရင်ဘတ်က မနေ့က လိုပဲ
တလှပ်လှပ်နဲ့ပေါ့............

သဘောထားချင်းမတိုက်ဆိုင်လို့
တို့နှစ်ယောက် လမ်းခွဲခဲ့ကြပေမယ့်
ကွဲကြေနေတဲ့နှလုံးသားတွေကိုတော့
နှစ်ယောက်စလုံး ဥပေက္ခာ ပြုထားခဲ့ကြတယ်.....

ခုရောဘာထူးလဲ ချစ်သူ...
နေရာသစ်မှာ မင်းပျော်လို့လား...?
ရင်ခွင်သစ်မှာ အိပ်ပျော်လို့လား...?
လျှောက်နေတဲ့ လမ်းတွေ သာယာလို့လား....?
အိပ်မက်တွေရော လှပါရဲ့လား..ချစ်သူ...???

နှစ်ယောက်အတူစားခဲ့ဖူးတဲ့ထမင်းဆိုင်လေးက
ဖြတ်လျှောက်သွားရင် လှမ်းကြည့်တယ်...
အတူကြည့်ဖူးတဲ့ရုပ်ရှင်ရုံကခုံတန်းလေးတောင်
လွမ်းလှပြီတဲ့...
အတူ လျှောက်ဖူးတဲ့ လမ်းတွေက
ဟောင်းနွမ်းလို့ ပန်းတွေတောင်မပွင့်တာ
ကြာပြီချစ်သူ...............။

March 10, 2008


နိုင်ငံကျော်အဆိုတော် စိုင်းထီးဆိုင်ကွယ်လွန်
အေးလဲ့ မတ်၁၀၊ ၂၀၀၈

ရှမ်း-မြန်မာ အဆိုတော် စိုင်းထီးဆိုင်(အသက် ၅၈နှစ်) သည် အစာအိမ်သွေးကြောပေါက်သည့်ရောဂါဖြင့် ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း ကျန်ရစ်သူ မိသားစုထံမှတဆင့် သိရသည်။

“ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက သွေးကြောပေါက်ပြီး သွေးစိမ့်နေတာ။ အဓိက ကတော့ သွေးအန်ပြီး အစာ အိမ်သွေးကြောပေါက်လို့ ဆေးရုံတက်ရတာ။ သွေး ၆ ပုလင်းသွင်းရတယ်။ ၅ ရက်မြောက်မှာ ဆုံးတာပါပဲ” ဟု အဆိုတော် စိုင်းထီးဆိုင်၏ တူမဖြစ်သူ နန်းမိုးအွန်းက ဧရာဝတီကို ပြောသည်။
အဆိုတော် စိုင်းထီးဆိုင်သည် အသည်းကျွမ်းဝေဒနာခံစားနေရပြီး မကွယ်လွန် ခင်က ဆေးရုံ ၂ ခါတက်ရသည်ဟု နန်းမိုးအွန်းက ပြောပြသည်။
အဆိုတော် စိုင်းထီးဆိုင်ကို ၁၉၅၀ ပြည့်နှစ်တွင် ရှမ်းပြည်နယ် လင်းခေးမြို့၌ မွေးဖွားခဲ့ပြီး ငယ်စဉ်ကပင် တေးဂီတ တီးခတ်ဖန်တီးမှုတွင် ဝါသနာထုံခဲ့သူ ဖြစ်သည်။ ၁၉၆၉ ခုနှစ်ဝန်းကျင်က မြန်မာ့အသံ၊ တိုင်းရင်းသား အစီအစဉ်တွင် ၎င်းကိုယ်တိုင်ရေးစပ်သော ရှမ်းသီချင်းများ စတင်ထုတ်လွှင့်ခွင့်ရခဲ့သည်။
၁၉၇၅-၇၆ ခုနှစ်ကတည်းက မန္တလေးတက္ကသိုလ်တွင် စိုင်းထီးဆိုင်ဟူသော အမည်ကို လူသိများခဲ့ပြီး ၁၉၈၀ ပြည့်နှစ် ၀န်းကျင်တွင် နိုင်ငံတဝန်းလူသိများ အောင်မြင်သည့် အဆိုတော်တယောက် ဖြစ်လာခဲ့သည်။
တေးရေးစိုင်းခမ်းလိတ်ရေးသားပြီး စိုင်းထီးဆိုင် သီဆိုထားသည့် “မန္တလေးရောက် ရှမ်းတယောက်” သီချင်းမှာ အလွန် ထင်ရှားသည့် သီချင်းတပုဒ်ဖြစ်ပြီး ရှမ်းလူမျိုးတို့၏ ဓလေ့ရိုးရာနှင့် မောမြေ၏အလှကို ဖော်ကျူးသည့် တေးသီချင်းများစွာ ကိုလည်း သီဆိုခဲ့သည်။
စိုင်းထီးဆိုင်သည် ဗိုလ်ချုပ်နေဝင်းလက်ထက် မြန်မာနိုင်ငံ၏ စတီရီယိုခေတ်ဦးကို စတင်လမ်း ဖောက်ခဲ့သူများထဲမှ တဦး ဖြစ်ပြီး ထိုအချိန်က သူ့တီးဝိုင်းဖြစ်သော The Wild Ones တေးဂီတဝိုင်းကို အလွန်လူကြိုက်များခဲ့သည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့မှ လူငယ်ပရိသတ် တယောက်က “တောင်ကြီးနဲ့ ခွဲခွာနေချိန် သူ့သီချင်းသံစဉ်တွေကို ကြားတဲ့ အခါမှာ တောင်ကြီးမြို့ကို ပြေးပြန်ချင်စိတ်နဲ့ လွမ်းမိပါတယ်။ သူဟာ ကျနော် ၈ တန်း လောက်ကတည်းက အကြိုက်ရဆုံး အဆိုတော်ပါ” ဟုပြောသည်။
စိုင်းထီးဆိုင်၏ သီချင်းအများစုမှာ ရှမ်းပြည်နယ်ရှိ ပြည်တွင်းစစ်ဒဏ်ခံခဲ့ကြရသည့် လူနေမှုဘ၀ကို ထင်ဟပ်ကြောင်း ဂီတ ဝေဖန်ရေးသမားတို့က ဆိုသည်။
၁၉၉၀ ပြည့်နှစ် ၀န်းကျင်တွင် စိုင်းထီးဆိုင်သည် ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးမြသန်းစံနှင့်ပူးပေါင်း၍ စစ်အစိုးရအကြိုက် ၀ါဒဖြန့်ချိရေးသီချင်းများကို သီဆိုခဲ့သောကြောင့် ပရိသတ်၏ ငြိုငြင်မှုကိုခံခဲ့ရသည်။ ၎င်း၏ နာမည်ကြီးသီချင်းတပုဒ်ဖြစ် သည့် “သဘာဝရဲ့ရင်သွေးငယ်တွေ” သီချင်းကိုလည်း ဗိုလ်မှူး မြသန်းစံ ရိုက်ကူးသော “ပါပီမ” ရုပ်မြင်သံကြား ဇာတ်လမ်း တွင် ဇာတ်ဝင်သီချင်းအဖြစ် အသုံးပြုခဲ့သည်။
“ပါပီမ” ဇာတ်ကားသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံအပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းကို ရွေးချယ်ခဲ့သည့် ကျောင်းသားလူငယ်များအား သရော်ထားသည့် ၀ါဒဖြန့်ချိရေးဇာတ်ကား ဖြစ်သည်။
ပရိသတ်က တချိန်ကငြိုငြင်ခဲ့သော်လည်း စိုင်းထီးဆိုင်၏ သီချင်းကောင်းများကို ယခုအချိန်ထိ လူကြိုက်များလျက်ရှိပြီး သီချင်းခွေများမှာလည်း ရောင်းအကောင်းဆုံး စာရင်းဝင်နေဆဲဖြစ်သည်။
စိုင်းထီးဆိုင်သည် မြန်မာ့စတီရီယိုရေစီးကြောင်းအတွင်း ကော်ပီသီချင်းများကိုသာ အားကိုးနေရချိန်တွင် ကိုယ်ပိုင်သံစဉ်ဖြင့် ဂီတလောကကို ထိုးဖောက်လာခဲ့သူတဦးဖြစ်သည်ဟု အဆိုတော် ခင်မောင်တိုးက ဧရာဝတီသို့ ပြောသည်။
“ယူကြုံးမရဖြစ်ပါတယ်။ ကျနော့်ထက် သူကတနှစ်ငယ်တယ်လေ။ သူက အဆိုသမားသက်သက် မဟုတ်ဘူး၊ ဂီတသမား၊ အနုပညာသမား။ ကိုယ်ပိုင်သံစဉ်ကိုပဲ အဓိကလက်ကိုင်ထားပြီး တစိုက်မတ်မတ်လုပ်လာခဲ့တဲ့ သူပါ” ဟု ခင်မောင်တိုးက ဆက်ပြောသည်။
ယခုအခါ အဆိုတော်စိုင်းထီးဆိုင်၏ ကျန်ရစ်သည့် ရုပ်အလောင်းကို ရေဝေးသုသာန်ရှိ ရေခဲတိုက်တွင်ထားရှိပြီး လာမည့် ၁၂ ရက်နေ့တွင် ဂူသွင်းသင်္ဂြိုဟ်မည်ဟု သိရသည်။ အဆိုတော် စိုင်းထီးဆိုင် ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်ခင်သန်းစိုးနှင့် သားတယောက်၊ သမီး ၂ ယောက် ကျန်ရစ်သည်။

http://www.irrawaddy.org/ မှကူးယူတင်ပြခြင်းဖြစ်ပါသည်။

အသဲမကွဲတဲ့ဆေး.....!

တစ်နေ့မှာ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရတဲ့ လူနာတစ်ယောက်ဟာ ဆရာဝန်နဲ့ ပြသတိုင်ပင် ရန် ဆေးခန်းသို့ ရောက်ရှိလာခဲ့ပါတယ်…။

လူနာ။ ။ ဆရာ…ကျွန်တော် အသဲကွဲနေလို့။ အဲဒါ ရောဂါက မသက်သာဘူးဆရာ…။ တစ်နေ့ ထက် တစ်နေ့ပိုဆိုးလာတယ်…။ ကူညီပါအုံးဗျာ…။

ဆရာဝန်က လူနာကို တစ်ချက်မျှ ခပ်စူးစူး စိုက်ကြည့်လိုက်ပါတယ်…။ ပြီးတော့ သက်ပြင်းတစ်ခုကို ဘာကြောင့် မှန်းမသိ သူ့ဘာသာ ချရင်း ခေါင်းညိတ်ပြလိုက်ပါတယ်…။

ဆရာဝန်။ ။ ဒါဆိုလည်း ခင်ဗျား ဝေဒနာစဖြစ်ပုံကစပြီး ဘယ်လိုတွေခံစားနေရတယ် ဆိုတာ ကျွန်တော့်ကို နဲနဲလောက် ပြောပြဗျာ…။

လူနာ။ ။ အချစ်ဆိုတဲ့ အိပ်မက်တစ်ခုနဲ့ တိုက်မိရာက စတယ်လို့ပဲ ပြောရမှာပေါ့ ဆရာ…။ သူ နဲ့ တိုက်မိပြီးကတည်းက ကျွန်တော့်ညတွေ အရင်ကထက်ပိုရှည်လာလို ခံစားရတယ်။ မနက်တိုင်း လည်း "ကဗျာ" တွေအံတယ်…။ ခံတွင်းတွေလည်း ပျက်တယ်ဆရာ "သတိရခြင်း" တွေကလွဲပြီး ဘာမှစား လို့မရဘူး…။ မရိုသေ့ စကားဆရာရယ် ကန်တော့ပါရဲ့ဗျာ...။ ၀မ်းသွားရင်တောင် "မျှော်လင့်ချက်" တွေပဲ ဖြစ်ဖြစ်နေတယ်။ တစ်နေ့ ကဆို ကျွန်တော် ရုတ်တရက် မူးလဲသွားလို့ "ယုံကြည်ချက်" Drip တစ်လုံး ချိတ်လိုက်ရသေးတယ်…။

ဆရာဝန်။ ။ ခင်ဗျားကိုကြည့်ရတာ ဝေဒနာတော်တော် ကျွမ်းနေတဲ့သဘောရှိတယ်…။ စမ်းကြည့် တာပေါ့ ဗျာ…။ ကျွန်တော်လည်း တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစား ပေးပါ့မယ်….။ အမှန်က ဒီလိုဝေဒနာမျိုး ဆိုတာ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးဗျ။ အင်းပြောသာ ပြောရတာဗျ....။ ဒီလို ရောဂါမျိုးကလည်း ဘယ်လောက်ပဲ ကြိုတင်ကာကွယ် ကာကွယ်...။ လူတစ်ယောက်ရဲ့ ဘ၀မှာ အနည်းဆုံး တစ်ခါတော့ ဖြစ်တတ်ကျတာမျိုးပဲ...။ "သတိ" အားကောင်းသူတွေလောက်ပဲ ရောဂါမကျွမ်းခင် ပျောက်လေ့ရှိ တယ်ဗျ...။

ဆရာဝန်လည်း လိုအပ်တဲ့စမ်းသပ် စစ်ဆေးမှုတွေကို ပြုလုပ်ပြီးနောက် လူနာရဲ့မျက်နှာကို တစ်ချက်မျှ ခဏ လောက် စိုက်ကြည့်လိုက်ပါတယ်….။ အဲဒီ့နောက်မှာ ဆေးတစ်လုံးကို အသာအယာပဲ ထိုးသွင်းပေးလိုက် ပါတယ်…။

ဆရာဝန်။ ။ မပူပါနဲ့ ကျွန်တော်အားလုံး စစ်ဆေးပြီးလိုအပ်တာတွေ အားလုံးလုပ်ပေး လိုက်ပါ တယ်…။ အခု ခင်ဗျားကို ကျွန်တော်ဆေးတစ်လုံးထိုးပေးလိုက်တယ်…။ မကြာခင် အရာရာဟာ အကောင်းဆုံး ဖြစ်သွား မှာပါ…။ ကျွန်တော် အာမခံပါတယ်…။

လူနာ။ ။ ကျေးဇူးတင်ပါတယ် ဆရာရယ်..။ ဟို…သောက်ဆေးတွေ ဘာတွေရောလိုသေးလား ဆရာ?

ဆရာဝန်။ ။ မလိုပါဘူးဗျာ…။ စိတ်မပူပါနဲ့ မကြာခင်အားလုံး အကောင်းဆုံး ဖြစ်သွားမှာပါ။

လူနာ။ ။ ဒါနဲ့ဆရာ... ကျွန်တော် မသိလို့မေးပါရစေ…။ ကျွန်တော့်ကို အခုထိုးပေးလိုက်တာ ဘာဆေး လဲ ဆရာ...??

ဆရာဝန်က လူနာအား ကြင်နာမှု၊ ကိုယ်ချင်းစာမှု အပြည့်ပါသော အပြုံးနဲ့ ကြည့်ပြီး ညင်သာစွာ ဖြေလိုက်ပါ တယ်….။

ဆရာဝန်။ ။ သေဆေး…..!

http://blackdream21.blogspot.com/ မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ ။

ကျောင်းတော်ကြီးကချစ်ပုံပြင်


ကျွန်တော်ပထမနှစ်စတက်တဲ့နေ့မှာပဲ သူမကို စတွေ့ခဲ့တာပါ။ သူမပုံစံက ရိုးရိုးလေးလို့ပြောရလောက်အောင်လည်းမဟုတ်ဘူး။ ရိုးရိုးမဟုတ်လို့ ဟော့ဟော့ရမ်းရမ်းလားဆိုတော့လည်း မဟုတ်သေးဘူးဗျ။ သူမက ယဉ်ယဉ်လေးပါ။ (ယဉ်ယဉ်လေးနဲ့ရူးနေတယ်လို့ လည်းမထင်လိုက်နဲ့ဦးနော်)သူမကျောင်းကိုလာရင်အမြဲခေါင်းငုံ့ပြီးလာတယ်။ လမ်းလျှောက်ရင်လည်းအောက်တည့်တည့်ကိုပဲကြည့်တယ် ခလုတ်တိုက်မှာစိုးလို့ထင်ပါရဲ့။ စာသင်ခန်းထဲမှာလည်းဒီလိုပါပဲ။ ကျောင်းမှာသူမ ခေါင်းမော့နေတဲ့အချိန်က ဆရာစာသင်တဲ့အချိန်ပါပဲ။ သူမနဲ့ကျွန်တော်က မေဂျာတူဆိုတော့ သူ့ပုံစံကိုကျွန်တော်အလွတ်ရနေပါပြီ။ သူမကစကားပြောရင်လည်းတိုးတိုးလေးပဲဗျ။သူပြောတဲ့ စကားကိုသူကိုယ်တိုင်တောင်ပြန်ကြားရဲ့လားမသိဘူး။အပေါင်းအသင်းလည်းနည်းတယ်။ဘာပဲပြောပြောသူမက ကျွန်တော့်အတွက် သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်အဖြစ် ကျွန်တော့်ရင်ဘတ်ထဲမှာရှိနေခဲ့တာ ဘာလိုလိုနဲ့ပထမနှစ်တစ်ဝက်တောင်ကျော် ခဲ့ပါပြီ။ သူမကတော့ကျွန်တော့်ကို ရှိတယ်လို့တောင်ထင်ရဲ့လားမသိပါဘူး။ သူမကအမြဲတမ်းပတ်ဝန်းကျင်နဲ့ သီးခြားနေသူလေ။ ။ တစ်နေ့တော့ ကျောင်းကင်တင်းမှာသူမကိုတွေ့တော့ ကျွန်တော်အံ့သြသွားတယ်။သူကတော့ကျွန်တော့်ကိုမတွေ့ပါဘူး အာရုံစိုက် ပြီးအလုပ်တစ်ခုလုပ်နေတာ။ သူမမျက်မှောင်ကျုံ့ပြီးနှုတ်ခမ်းကိုလျှာနဲ့သပ်တယ်။ပြီးတော့ခေါင်းကုတ်တယ်။စိတ်ရှုပ်နေပုံပါပဲ။ ဒါတွေဟာ ကျွန်တော့်အတွက်တော့ ကဗျာတွေပါပဲ။သူမကသူ့သူငယ်ချင်းနဲ့ချက်ကစားနေတာပါ။ ကြည့်ရတာ သူမရှုံးတော့မယ်ထင်ပါရဲ့။သူမတို့ဘယ်ချိန်ကတည်းကရောက်နေလဲတော့မသိဘူး။ ကျွန်တော်ရောက်ပြီးနောက်ထပ် တစ်နာရီလောက်ထိ ပွဲကမပြီးသေးဘူး။ခဏနေရင် လက်တွေ့ခန်း ၀င် ရတော့မယ်။သူတို့ကတော့အရှိန်ကောင်းနေတုန်းပဲ။ ခဏနေတော့ သူမလက်ကနာရီကိုတစ်ချက်ကြည့်တယ်။ စားပွဲထိုး ကောင်လေးကို ခေါ်တယ်။ပိုက်ဆံရှင်းပြီး သူ့သူငယ်ချင်းနဲ့အတူ ထွက်သွားတယ်။ကျွန်တော်လည်း ပိုက်ဆံရှင်းပြီး သူတို့နှစ်ယောက် နောက်ကနေလိုက်သွားတယ်။ကံကောင်းချင်တော့ သူမလက်ကိုင်ပုဝါလေး ကျကျန်ခဲ့တယ်။အဲဒါနဲ့ကျွန်တော်လည်းနောက်ကနေလိုက် ပေးတာပေါ့ဗျာ။ကြည့်ဖူးတဲ့ရုပ်ရှင်ကားထဲကလိုပေါ့(ဒါပေမယ့် ဒါက တစ်ကယ့်အဖြစ်အပျက်နော်) သူမက ရုပ်ရှင်ထဲကလို ဇာတ်လမ်းဆင် တာလား ဘာလားဆိုပြီးတော့ရန်မတွေ့ပါဘူး။ကျွန်တော်ပေးတဲ့လက်ကိုင်ပုဝါလေးကိုသေချာကြည့်တယ်။သူ့ လက်ကိုင်ပုဝါမှန်းသိတော့ ကျေှးဇူးပဲနော် တဲ့...... ဟား....ဒီညတော့အိပ်မက်တွေလှတော့မှာပဲ။ဒီလိုနဲ့လက်ကိုင်ပုဝါလေး အစပြုပြီးသူမနဲ့ကျွန်တော် သူငယ်ချင်းတွေဖြစ်သွားကြတယ် ဆိုပါတော့ဗျာ။ ။
ဒီလိုနဲ့ ဒုတိယနှစ်ရောက်လာတယ်။သူမကကျွန်တော့်အတွက်တော့သခင်ပါပဲ။သူငယ်ချင်းဆိုပေမယ့် ကျွန်တော်ကကြိတ်ပြီးချစ်နေတဲ့သူဆိုတော့ သူမဘာခိုင်းခိုင်းကျွန်တော်မညီးမညူပဲလုပ်ပေးပါတယ်။ခုဆိုရင်သူမ နဲ့ကျွန်တော် တော်တော်လေးကိုရင်းနှီးနေပါပြီ။ပြောရရင်ပိုက်ဆံလိုရင်တောင်သူမဆီကချေးယူရဲလောက် အောင်ကိုရင်းနှီးနေပြီ။(ကျွန်တော်ကရင်းနှီးပြီဆိုတာနဲ့ပိုက်ဆံချေးတော့တာပဲ)သူမကတော့ပေးရှာပါတယ် ရှိတဲ့ အချိန်ပေါ့။ကျွန်တော်ပြန်မပေးရင်လည်း မတောင်းဘူး။ပေးရင်တော့ယူတယ်။နှစ်နှစ်ဆိုတဲ့အချိန်အတိုင်းအတာ တစ်ခုမှာ သူမနဲ့ကျွန်တော်သံယောဇဉ်တွေဖြစ်ခဲ့ကြတယ်။သူမကိုကျွန်တော်ရည်းစားစကားပြောတော့ သူမက တစ်နေ့ ကျွန်တော်ဒီလိုပြောမယ်ဆိုတာသိပြီးသားတဲ့။အဲဒါကြောင့် သူကလည်း ကြိုပြီးစဉ်းစားထားတယ်တဲ့။
ဒါနဲ့သူမကကျွန်တော့်ကိုမေးခွန်းတစ်ခုမေးတယ်။တစ်နဲ့တစ်ပေါင်းရင်ဘာရလဲ တဲ့။ကျွန်တော်ကလည်းချက်ချင်း ပဲနှစ်လို့ဖြေလိုက်တယ်။ သူမကနှာခေါင်းရှုံ့ပြီး မှားတယ် တဲ့။အဖြေက တစ် တဲ့။ ကျွန်တော်ကဘာဖြစ်လို့လဲမေးတော့ သူမက ယောင်္ကျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ပေါင်းစပ်လိုက်ရင် တစ်ဘ၀ဆိုတဲ့အဖြေရတယ် တဲ့။ ပျော်လိုက်တာကောင်မလေးရယ်.....။အဲဒီအဖြေဟာကျွန်တော့်အတွက်မဟုတ်ခဲ့ဘူးဆိုတာ အစကတည်း က ကျွန်တော်သိခဲ့ရင်..........။
ဒီလိုနဲ့ပြက္ခဒိန်တွေတစ်ရွက်ပြီးတစ်ရွက်ပြောင်းပြီး ကျွန်တော်တို့နှစ်ယောက် နောက်ဆုံးနှစ်ရောက်လာ တယ်။နှစ်ယောက်အတူစာတွေကျက်ပြီး တစ်ခါတစ်လေ စိတ်အပန်းပြေ နှစ်ယောက်အတူ ချက်ကစားကြတယ်။ အနာဂတ်အတွက် ဇယားတွေချကြတယ်။ခုတစ်လောသူမမျက်နှာ သိပ်မကောင်းတာသိပေမယ့် ဖွင့်မမေးဖြစ်ခဲ့ ဘူး.သူမမျက်နှာကြည့်ရတာ တစ်ခုခုကိုပြောချင်နေသလိုပါပဲ။ဒါနဲ့ကျွန်တော်လည်းသူ့စိတ်ထဲပေါ့သွားအောင်
ဘာဖြစ်နေတာလဲ တစ်ခုခုပြောချင်နေတာလား လို့မေးတော့သူမက ဘာမှမဟုတ်ပါဘူးတဲ့ ဆိုပြီးကျွန်တော့် မျက်နှာကိုတစ်ချက်ကြည့်တယ် ပြီးတော့သူမကပဲ စာမေးပွဲဖြေပြီးမှပဲပြောမယ် တဲ့။ ဒီလိုပြောတဲ့အချိန်မှာ သူမ မျက်နှာ တော်တော်လေးညှိုးသွားတယ်။ ကျွန်တော်လည်းဆက်မမေးတော့ပါဘူး။ခဏနေတော့ ကိုယ့်အိမ်ကိုယ် ပြန်ခဲ့ကြတယ်။
ဒီလိုနဲ့စာမေးပွဲနောက်ဆုံးနေ့ ရောက်သွားတယ်ပေါ့ဗျာ။ သူမကိုမေးတော့ဖြေနိုင်တယ်တဲ့ ။ကျွန်တော် လည်းဖြေနိုင်တယ်ဆိုတော့ သိပ်မကြာခင်ဘွဲ့ရတော့မယ် ပြီးရင် သင့်တော်တဲ့အလုပ်တစ်ခုဝင်လုပ်ပြီး နှစ်ယောက် ပေါင်းဘ၀တစ်ခု တည်ဆောက်မယ်လို့တွေးပြီး ကျွန်တော်က သူမကိုမျှော်လင့်ကြီးစွာနဲ့ ကြည့်တော့ သူမက ကျွန်တော့်လက်ထဲကိုစာအိတ်တစ်အိတ်ထည့်ပေးတယ် သူပြန်သွားမှဖွင့်ကြည့်ပါတဲ့။နေသိပ် မကောင်းလို့သူပြန်တော့မယ်တဲ့ ဆိုပြီး သူထွက်သွားတယ်။ ကျွန်တော်ကတော့သူမကိုနားမလည်စွာရပ်ကြည့် နေမိတယ်။ ခဏနေမှ သတိရပြီး လက်ထဲကစာအိတ်ကို ဖွင့်ကြည့်လိုက်တယ်။ ကျွန်တော့်မျက်လုံးတွေ ပြာသွား
တယ် ဟုတ်ရဲ့လားဆိုပြီးသေချာထပ်ဖတ်ကြည့်တယ် သေချာတယ်ဆိုော့မှကျွန်တော်သက်ပြင်းတစ်ချက်ချ လိုက်တယ်။ကျွန်တော်သူမကိုဘာစကားမှလည်းမပြောနိုင်တော့ပါဘူး။သူမကထွက်သွားပြီလေ။ခုတော့ကျွန်တော့် မှာ သူမရဲ့မင်္ဂလာဆောင်ဖိတ်စာကြီးကိုင်လို့။
ဪ နောက်တစ်ပတ်ဆိုင်သူမလက်ထပ်တော့မှာပါလား။ ။



ကျောင်းတော်ကြီးတုန်းကကျွန်တော့်ရဲ့တစ်ကယ့်ချစ်ပုံပြင်လေးပါ။ ။

 

blogger templates | Make Money Online