March 10, 2008

ကျောင်းတော်ကြီးကချစ်ပုံပြင်


ကျွန်တော်ပထမနှစ်စတက်တဲ့နေ့မှာပဲ သူမကို စတွေ့ခဲ့တာပါ။ သူမပုံစံက ရိုးရိုးလေးလို့ပြောရလောက်အောင်လည်းမဟုတ်ဘူး။ ရိုးရိုးမဟုတ်လို့ ဟော့ဟော့ရမ်းရမ်းလားဆိုတော့လည်း မဟုတ်သေးဘူးဗျ။ သူမက ယဉ်ယဉ်လေးပါ။ (ယဉ်ယဉ်လေးနဲ့ရူးနေတယ်လို့ လည်းမထင်လိုက်နဲ့ဦးနော်)သူမကျောင်းကိုလာရင်အမြဲခေါင်းငုံ့ပြီးလာတယ်။ လမ်းလျှောက်ရင်လည်းအောက်တည့်တည့်ကိုပဲကြည့်တယ် ခလုတ်တိုက်မှာစိုးလို့ထင်ပါရဲ့။ စာသင်ခန်းထဲမှာလည်းဒီလိုပါပဲ။ ကျောင်းမှာသူမ ခေါင်းမော့နေတဲ့အချိန်က ဆရာစာသင်တဲ့အချိန်ပါပဲ။ သူမနဲ့ကျွန်တော်က မေဂျာတူဆိုတော့ သူ့ပုံစံကိုကျွန်တော်အလွတ်ရနေပါပြီ။ သူမကစကားပြောရင်လည်းတိုးတိုးလေးပဲဗျ။သူပြောတဲ့ စကားကိုသူကိုယ်တိုင်တောင်ပြန်ကြားရဲ့လားမသိဘူး။အပေါင်းအသင်းလည်းနည်းတယ်။ဘာပဲပြောပြောသူမက ကျွန်တော့်အတွက် သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်အဖြစ် ကျွန်တော့်ရင်ဘတ်ထဲမှာရှိနေခဲ့တာ ဘာလိုလိုနဲ့ပထမနှစ်တစ်ဝက်တောင်ကျော် ခဲ့ပါပြီ။ သူမကတော့ကျွန်တော့်ကို ရှိတယ်လို့တောင်ထင်ရဲ့လားမသိပါဘူး။ သူမကအမြဲတမ်းပတ်ဝန်းကျင်နဲ့ သီးခြားနေသူလေ။ ။ တစ်နေ့တော့ ကျောင်းကင်တင်းမှာသူမကိုတွေ့တော့ ကျွန်တော်အံ့သြသွားတယ်။သူကတော့ကျွန်တော့်ကိုမတွေ့ပါဘူး အာရုံစိုက် ပြီးအလုပ်တစ်ခုလုပ်နေတာ။ သူမမျက်မှောင်ကျုံ့ပြီးနှုတ်ခမ်းကိုလျှာနဲ့သပ်တယ်။ပြီးတော့ခေါင်းကုတ်တယ်။စိတ်ရှုပ်နေပုံပါပဲ။ ဒါတွေဟာ ကျွန်တော့်အတွက်တော့ ကဗျာတွေပါပဲ။သူမကသူ့သူငယ်ချင်းနဲ့ချက်ကစားနေတာပါ။ ကြည့်ရတာ သူမရှုံးတော့မယ်ထင်ပါရဲ့။သူမတို့ဘယ်ချိန်ကတည်းကရောက်နေလဲတော့မသိဘူး။ ကျွန်တော်ရောက်ပြီးနောက်ထပ် တစ်နာရီလောက်ထိ ပွဲကမပြီးသေးဘူး။ခဏနေရင် လက်တွေ့ခန်း ၀င် ရတော့မယ်။သူတို့ကတော့အရှိန်ကောင်းနေတုန်းပဲ။ ခဏနေတော့ သူမလက်ကနာရီကိုတစ်ချက်ကြည့်တယ်။ စားပွဲထိုး ကောင်လေးကို ခေါ်တယ်။ပိုက်ဆံရှင်းပြီး သူ့သူငယ်ချင်းနဲ့အတူ ထွက်သွားတယ်။ကျွန်တော်လည်း ပိုက်ဆံရှင်းပြီး သူတို့နှစ်ယောက် နောက်ကနေလိုက်သွားတယ်။ကံကောင်းချင်တော့ သူမလက်ကိုင်ပုဝါလေး ကျကျန်ခဲ့တယ်။အဲဒါနဲ့ကျွန်တော်လည်းနောက်ကနေလိုက် ပေးတာပေါ့ဗျာ။ကြည့်ဖူးတဲ့ရုပ်ရှင်ကားထဲကလိုပေါ့(ဒါပေမယ့် ဒါက တစ်ကယ့်အဖြစ်အပျက်နော်) သူမက ရုပ်ရှင်ထဲကလို ဇာတ်လမ်းဆင် တာလား ဘာလားဆိုပြီးတော့ရန်မတွေ့ပါဘူး။ကျွန်တော်ပေးတဲ့လက်ကိုင်ပုဝါလေးကိုသေချာကြည့်တယ်။သူ့ လက်ကိုင်ပုဝါမှန်းသိတော့ ကျေှးဇူးပဲနော် တဲ့...... ဟား....ဒီညတော့အိပ်မက်တွေလှတော့မှာပဲ။ဒီလိုနဲ့လက်ကိုင်ပုဝါလေး အစပြုပြီးသူမနဲ့ကျွန်တော် သူငယ်ချင်းတွေဖြစ်သွားကြတယ် ဆိုပါတော့ဗျာ။ ။
ဒီလိုနဲ့ ဒုတိယနှစ်ရောက်လာတယ်။သူမကကျွန်တော့်အတွက်တော့သခင်ပါပဲ။သူငယ်ချင်းဆိုပေမယ့် ကျွန်တော်ကကြိတ်ပြီးချစ်နေတဲ့သူဆိုတော့ သူမဘာခိုင်းခိုင်းကျွန်တော်မညီးမညူပဲလုပ်ပေးပါတယ်။ခုဆိုရင်သူမ နဲ့ကျွန်တော် တော်တော်လေးကိုရင်းနှီးနေပါပြီ။ပြောရရင်ပိုက်ဆံလိုရင်တောင်သူမဆီကချေးယူရဲလောက် အောင်ကိုရင်းနှီးနေပြီ။(ကျွန်တော်ကရင်းနှီးပြီဆိုတာနဲ့ပိုက်ဆံချေးတော့တာပဲ)သူမကတော့ပေးရှာပါတယ် ရှိတဲ့ အချိန်ပေါ့။ကျွန်တော်ပြန်မပေးရင်လည်း မတောင်းဘူး။ပေးရင်တော့ယူတယ်။နှစ်နှစ်ဆိုတဲ့အချိန်အတိုင်းအတာ တစ်ခုမှာ သူမနဲ့ကျွန်တော်သံယောဇဉ်တွေဖြစ်ခဲ့ကြတယ်။သူမကိုကျွန်တော်ရည်းစားစကားပြောတော့ သူမက တစ်နေ့ ကျွန်တော်ဒီလိုပြောမယ်ဆိုတာသိပြီးသားတဲ့။အဲဒါကြောင့် သူကလည်း ကြိုပြီးစဉ်းစားထားတယ်တဲ့။
ဒါနဲ့သူမကကျွန်တော့်ကိုမေးခွန်းတစ်ခုမေးတယ်။တစ်နဲ့တစ်ပေါင်းရင်ဘာရလဲ တဲ့။ကျွန်တော်ကလည်းချက်ချင်း ပဲနှစ်လို့ဖြေလိုက်တယ်။ သူမကနှာခေါင်းရှုံ့ပြီး မှားတယ် တဲ့။အဖြေက တစ် တဲ့။ ကျွန်တော်ကဘာဖြစ်လို့လဲမေးတော့ သူမက ယောင်္ကျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ပေါင်းစပ်လိုက်ရင် တစ်ဘ၀ဆိုတဲ့အဖြေရတယ် တဲ့။ ပျော်လိုက်တာကောင်မလေးရယ်.....။အဲဒီအဖြေဟာကျွန်တော့်အတွက်မဟုတ်ခဲ့ဘူးဆိုတာ အစကတည်း က ကျွန်တော်သိခဲ့ရင်..........။
ဒီလိုနဲ့ပြက္ခဒိန်တွေတစ်ရွက်ပြီးတစ်ရွက်ပြောင်းပြီး ကျွန်တော်တို့နှစ်ယောက် နောက်ဆုံးနှစ်ရောက်လာ တယ်။နှစ်ယောက်အတူစာတွေကျက်ပြီး တစ်ခါတစ်လေ စိတ်အပန်းပြေ နှစ်ယောက်အတူ ချက်ကစားကြတယ်။ အနာဂတ်အတွက် ဇယားတွေချကြတယ်။ခုတစ်လောသူမမျက်နှာ သိပ်မကောင်းတာသိပေမယ့် ဖွင့်မမေးဖြစ်ခဲ့ ဘူး.သူမမျက်နှာကြည့်ရတာ တစ်ခုခုကိုပြောချင်နေသလိုပါပဲ။ဒါနဲ့ကျွန်တော်လည်းသူ့စိတ်ထဲပေါ့သွားအောင်
ဘာဖြစ်နေတာလဲ တစ်ခုခုပြောချင်နေတာလား လို့မေးတော့သူမက ဘာမှမဟုတ်ပါဘူးတဲ့ ဆိုပြီးကျွန်တော့် မျက်နှာကိုတစ်ချက်ကြည့်တယ် ပြီးတော့သူမကပဲ စာမေးပွဲဖြေပြီးမှပဲပြောမယ် တဲ့။ ဒီလိုပြောတဲ့အချိန်မှာ သူမ မျက်နှာ တော်တော်လေးညှိုးသွားတယ်။ ကျွန်တော်လည်းဆက်မမေးတော့ပါဘူး။ခဏနေတော့ ကိုယ့်အိမ်ကိုယ် ပြန်ခဲ့ကြတယ်။
ဒီလိုနဲ့စာမေးပွဲနောက်ဆုံးနေ့ ရောက်သွားတယ်ပေါ့ဗျာ။ သူမကိုမေးတော့ဖြေနိုင်တယ်တဲ့ ။ကျွန်တော် လည်းဖြေနိုင်တယ်ဆိုတော့ သိပ်မကြာခင်ဘွဲ့ရတော့မယ် ပြီးရင် သင့်တော်တဲ့အလုပ်တစ်ခုဝင်လုပ်ပြီး နှစ်ယောက် ပေါင်းဘ၀တစ်ခု တည်ဆောက်မယ်လို့တွေးပြီး ကျွန်တော်က သူမကိုမျှော်လင့်ကြီးစွာနဲ့ ကြည့်တော့ သူမက ကျွန်တော့်လက်ထဲကိုစာအိတ်တစ်အိတ်ထည့်ပေးတယ် သူပြန်သွားမှဖွင့်ကြည့်ပါတဲ့။နေသိပ် မကောင်းလို့သူပြန်တော့မယ်တဲ့ ဆိုပြီး သူထွက်သွားတယ်။ ကျွန်တော်ကတော့သူမကိုနားမလည်စွာရပ်ကြည့် နေမိတယ်။ ခဏနေမှ သတိရပြီး လက်ထဲကစာအိတ်ကို ဖွင့်ကြည့်လိုက်တယ်။ ကျွန်တော့်မျက်လုံးတွေ ပြာသွား
တယ် ဟုတ်ရဲ့လားဆိုပြီးသေချာထပ်ဖတ်ကြည့်တယ် သေချာတယ်ဆိုော့မှကျွန်တော်သက်ပြင်းတစ်ချက်ချ လိုက်တယ်။ကျွန်တော်သူမကိုဘာစကားမှလည်းမပြောနိုင်တော့ပါဘူး။သူမကထွက်သွားပြီလေ။ခုတော့ကျွန်တော့် မှာ သူမရဲ့မင်္ဂလာဆောင်ဖိတ်စာကြီးကိုင်လို့။
ဪ နောက်တစ်ပတ်ဆိုင်သူမလက်ထပ်တော့မှာပါလား။ ။



ကျောင်းတော်ကြီးတုန်းကကျွန်တော့်ရဲ့တစ်ကယ့်ချစ်ပုံပြင်လေးပါ။ ။

2 Comments:

Unknown said...

ဒါတွေဟာ ဖြစ်တတ်တဲ့ သဘောတရားတွေပါဆိုရင် သိပ်ပြီးစကားကြီး စကားကျယ် ပြောရာရောက်သွားမယ် ထင်ပါတယ်...။ ဘာပဲ ဖြစ်ဖြစ်ပါ Synergy သဘောတရား အရလဲ ၁+၁=၁ ပါပဲ...။ ဟဲ..ဟဲ..ဒါနဲ့ စကားမစပ် ရင်းနှီးရမှာ တောင်ကြောက်လာပြီ ပိုက်ဆံချေးမှာစိုးလို့...ကိုယ်နဲ့က အကျင့်တူနေတာလဲ ပါတယ်....။ အားပေးနေပါ့မယ်...။

နွေမုန်တိုင်း said...

ကျေးဇူးတင်ပါတယ်ဗျာ

 

blogger templates | Make Money Online