May 25, 2008

မျှော်လင့်နေဆဲ ~~~


အရင်အချိန်တွေတုန်းကတော့ဒီနေရာလေးက နှစ်ယောက်သားကြည်နူးစရာ ပျော်စရာအတိနဲ့ ရင်ခုန်စရာသိပ်ကောင်းခဲ့တာပေါ့ချစ်သူ။ ဒီနေရာလေးကိုတို့နှစ်ယောက်အကြိမ်ပေါင်းများစွာ ရောက်ဖူးခဲ့သလို ဒီနေရာလေးမှာပဲ အကြိမ်ပေါင်းများစွာ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ချစ်ခြင်းတွေကို မှတ်တိုင်ထူခဲ့ကြတယ်။စိတ်ခဏခဏကောက်တတ်တဲ့ ကိုယ့်ချစ်သူကို ဒီနေရာလေးမှာ အကြိမ်ပေါင်းများစွာ ဖြောင်းဖျ ခဲ့ဖူးတယ်။မာနကြီးတဲ့ကိုယ့်ချစ်သူက မထင်ရင်မထင်သလို ဘာမဟုတ်တာလေးကအစပြဿနာရှာတတ်ပေမယ့် ငါးမိနစ်လောက် ကိုယ်ချော့လိုက်ရင် မာနတွေခ၀ါချပြီး အပြုံးတစ်ချက်နဲ့ ကိုယ့်ကိုပြန်နှစ်သိမ့်တယ်။ ဒါတွေက ပြီးခဲ့ပါပြီ။

အတူပျော်ဖူးခဲ့တဲ့ အတိတ်နေ့ရက်တွေက ပြန်တွေးကြည့်ရင်ကြည်နူးစရာတွေ ဆိုပေမယ့် ပြန်မရတော့တဲ့အဲဒီအတိတ်နေ့ရက် တွေကြောင့်ပဲ ရင်နဲ့မဆံ့အောင်ကိုယ်ခံစားနေရတယ်ချစ်သူ။ “အချိန်ရှိတိုင်းချစ်သူနားမှာပဲ နေချင်တယ်” ဆိုတဲ့ကိုယ့်ချစ်သူပြောခဲ့တဲ့ စကားလုံးတွေက ခုချိန်မှာတော့ ဒဏ္ဍာရီတစ်ပုဒ်လိုပါပဲ။ ကဝေဆန်တဲ့လောကရဲ့လှည့်ကွက်တွေထဲမှာ မာယာတွေနဲ့ဘ၀ကိုထိန်းကျောင်းရင်း လှည့်စားတတ်တဲ့ ကိုယ့်ချစ်သူကို ခုချိန်ထိမမေ့နိုင်သေးတာတော့အမှန်ပါ ချစ်သူ။ ပြဇာတ်တွေတစ်ပုဒ်ပြီးတစ်ပုဒ်ကပြခဲ့ပေမယ့် လွမ်းခန်းဆိုတာကို ခုမှကြုံဖူးတာပါချစ်သူ။ ရင်ခုန်စရာကောင်းခဲ့ပေမယ့် ဇာတ်သိမ်းမလှခဲ့ဘူးလေ။ ခုတော့ဒီနေရာလေးမှာ ကိုယ်တစ်ယောက်တည်း အထီးကျန်ကြေကွဲရပြီ။

အစကကြိုသိခဲ့ရင်ဆိုတဲ့ စကားလုံးကို ကိုယ်မသုံးချင်ပါဘူး ချစ်သူ။ အရာအားလုံး ဖြစ်ချိန်တန်လို့ဖြစ်သွားတယ်လို့ပဲ ကိုယ်သဘောထား ပါတယ်။ လူတစ်ယောက်ဟာ သူ့ချစ်သူကိုသူတစ်ကယ်ချစ်တယ်ဆိုရင် အရာအားလုံးချစ်သူအလိုကျပဲ ဦးစားပေး ဆုံးဖြတ်ကြပါတယ်။ သူစိတ်ချမ်းသာမယ်ဆိုရင် ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ပါ။အဲလိုလူတွေထဲမှာ ကိုယ်ပါတယ်ချစ်သူ။ ကိုယ်မင်းကိုသိပ်ချစ်ခဲ့တယ်။ ကိုယ့်ကိုယ်ထက်တောင် မင်းကိုပိုဦးစားပေးစဉ်းစားခဲ့တယ်။ မှားလို့ပဲဖြစ်ဖြစ် မှန်လို့ပဲဖြစ်ဖြစ် အားလုံးနဲ့မင်းတစ်ယောက် ဖြစ်နေပါစေ ကိုယ်မင်းဖက်ကနေ ရင်ဆိုင်ရဲခဲ့ တယ်။ အဲလောက်ထိကို ကိုယ်မင်းအတွက်ပေးဆပ်ခဲ့ ဖူးပါတယ်။ အချိန်တွေနောက်ပြန်ခဏလှည့်ကြည့်ရင် မင်းတွေ့မှာပါ ချစ်သူ။

နောက်ဆုံးတော့ အတူကြည်နူးခဲ့တဲ့ ဒီနေရာလေးမှာ ရယ်သံတွေမကြားရတာ ၃၆၅ ရက် မကတော့ပါဘူးချစ်သူ။ အတူထိုင်ခဲ့ဖူးတဲ့ ဗန်ဒါပင် အောက်ကခုံတန်းလေးတောင် ဖုန်တွေတက်လို့ ပိုင်ရှင်မဲ့နေရှာတယ်။ သစ်အိုပင်ကြီးလဲခြောက်ကပ်လို့ ချစ်ခြင်းတွေနဲ့ ဖန်ဆင်းထားတဲ့ဒီနေရာလေးက ကဗျာမဆန်တော့တာ မင်းထွက်သွားတဲ့နေ့က စ ယနေ့ထိပါပဲချစ်သူ။ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျဖို့ ဆိုတာ မလွယ်မှန်းသိပေမယ့် ခုချိန်ထိမျှော်လင့်နေတုန်းဆိုတာကိုတော့ ကိုယ့်ချစ်သူကို သိစေချင်တယ်။

5 Comments:

Unknown said...

အားပါးပါး..ရက်ရက်စက်စက်ကြီးကို လွမ်းပြနေပါလား။ ဒီလိုအရေးအသားတွေကြောင့်ပဲ ကြွေတဲ့သူကလည်း ကြွေခဲ့ရပြီးပြီ...။ ဟုတ်တယ်ဟုတ်..? :P :)

မေမိုးမခ said...

အလွမ်းပင်အောက်မှာနား အလွမ်းသီချင်းတွေဆို အလွမ်းထိုင်ခုံတွေပေါ်ထိုင် အလွမ်းရိပ်ကို မှီခို မလွမ်းပဲတော့မနေနိုင်ဘူး။
ဆုတောင်းပေးပါတယ် အစ်မနဲ့ အချိန်တိုင်း အမြဲနေနိုင်ပါစေ။

လင်းထက် said...

အလွမ်းမုန်တိုင်းကြီးက တိုက်ခတ်လှချည်လား ခုထိကို မပြီးနိုင်ဘူး ကယ်ဆယ်ရေး နတ်သမီး လေးနဲ့တွေ့တာတောင်လွမ်းနေတုံး...။

Anonymous said...

တကယ်ကြီးကို ကြွေနေတာပဲ သနားလိုက်တာနော်း)
ဒါပေမယ့်လည်း ကြာကြာမလွမ်းရတော့ပါဘူးလေ လွမ်းတာတွေ ပြေဖို့  ဆေးပေးမယ် ယူမလားး ။

အိတာ said...

အကိုတို့ကတော့ပိုကိုပိုတယ် ..ဟီးဟီး စတာ...စိတ်ဆိုးနဲ့ :D

 

blogger templates | Make Money Online