May 28, 2008

ခွဲခွါခြင်းမှတ်တိုင်


၂၀၀၈ ခုနှစ် မတ်လပတ်ဝန်းကျင်...

အဲဒီနေ့က ကောင်လေးတစ်ယောက် ဒီနေရာကို အဖော်မပါဘဲနဲ့ တစ်ယောက်တည်း ရောက်လာခဲ့တယ်။ မရောက်ဖူးတဲ့နေရာမို့ စစချင်းမှာ အခက်အခဲ တစ်ချို့ကြုံတွေ့ရတယ်။ဒါသဘာဝဆိုတာနားလည်ပြီးသား။ နေသားတကျဖြစ်ဖို့က အချိန်ခဏလေးတော့စောင့်ရမယ်ဆိုတာ ကိုလည်းကောင်လေးသိပြီးသား။ ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ သူကျင်လည်ရတဲ့ပတ်ဝန်းကျင်မှာ ကောင်လေးနေသားကျသွားတယ်။ ဖေးမတတ် တဲ့ မိတ်ဆွေတွေကြောင့် ခဏတွင်းချင်းမှာပဲ ကောင်လေးတစ်ယောက် နယ်မြေသစ်မှာ ပျော်လို့မဆုံးဖြစ်ခဲ့တယ်။ ဘာဖြစ်ဖြစ်ရိုင်းပင်း ကူညီတတ်တဲ့ ဒေသမို့ ကောင်လေးက ဒီနေရာကနေဘယ်ကိုမှ မသွားချင်တော့ လောက်အောင်ကို ဖြစ်သွားတယ်။ သူ့စိတ်ထဲမှာလည်း ဒီနေရာကနေ ဘယ်ကိုမှ မသွားတော့ဘူးလို့ဆုံးဖြတ်ချက်ချထားလိုက်တယ်။ ဒီလိုနဲ့ ကောင်လေးတစ်ယောက် နယ်မြေသစ်မှာ ရက်ပေါင်းများစွာကြာလာတာနဲ့အမျှ မိတ်ဆွေပေါင်းများစွာနဲ့ ခင်မင်ရင်းနှီးလာခဲ့တယ်။

မိတ်ဆွေအပေါင်းအသင်းတွေရဲ့ လက်တွဲပြီး ခေါ်ယူစောင့်ရှောက်ခဲ့မှုတွေကြောင့် ဒီနေရာလေးမှာ ကောင်လေးတစ်ယောက် နာမည်လေး တစ်ခုရလာခဲ့တယ်။ ကောင်လေးဆိုရင် အားလုံးက သိနေကြပြီ။ သူတို့ပြောကြတာတော့ ကောင်လေးက ရိုးသားတယ်၊ပွင့်လင်းတယ်၊ တစ်ဖက်သားကို နားလည်တတ်တယ်၊ အရာရာသည်း ခံခွင့်လွှတ်တတ်တယ်၊ ကောင်လေးနဲ့တွေ့ရင် အားလုံးပျော် ကြတယ်၊နောက်ပြီး ကောင်လေးမှာ မကောင်းတဲ့အချက်လေးတစ်ချက်ရှိတယ်တဲ့။ အဲဒါဘာလဲဆိုတော့ တစ်ခုခုခံစားနေရတဲ့အခါ တစ်ဦးတစ်ယောက်ကိုမှ ဖွင့်မပြောဘဲ တစ်ယောက်တည်းကြိတ်ခံစားတတ်တဲ့ ကောင်လေးရဲ့အကျင့်ပါပဲ။အားလုံးက ညီအစ်ကိုလိုဝိုင်းဝန်း စောင့်ရှောက်ကြပေမယ့် ပြင်လို့မရတဲ့ကောင်လေးရဲ့အကျင့်ကို အားလုံးကိုက နားလည်ပေးကြပါတယ်။လူတစ်ယောက်မှာ အားနည်းချက် တစ်ခုစီရှိကြတယ်ဆိုရင် အဲဒါကတော့ ကောင်လေးရဲ့အားနည်းချက်တစ်ခုပါပဲ။ ဘာပဲပြောပြောကောင်လေးကို အားလုံးက ချစ်ခင်လေးစားကြတယ်။ ကောင်လေးလည်းမိတ်ဆွေတွေအပေါ်မှာ အခွင့်အရေးယူ ခဲ့တာမျိုးမရှိခဲ့ပါဘူး။ သေချာတာတစ်ခု ကတော့ ကောင်လေးဒီနေရာမှာ သိပ်ကိုပျော်ခဲ့တယ်ဆိုတာပဲ.......။

တစ်နေ့...
ကောင်လေးနေတဲ့ နေရာလေးကို သတင်းစကားတစ်ခု ရောက်လာတယ်။ ကောင်လေးအင်မတန်မှ ချစ်မြတ်နိုးရတဲ့ ကောင်လေးရဲ့ချစ်သူ မကျန်းမာတဲ့အကြောင်းပေါ့။ ကြားကြားချင်း ကောင်လေး စိတ်မကောင်းဖြစ် သွားတယ်။ ဒါဆိုသူပြန်မှ ဖြစ်မယ်ဆိုပြီး သူ့မိတ်ဆွေတွေကို ကောင်လေးလိုက်နှုတ်ဆက်တယ်။ မိတ်ဆွေတွေက ကောင်လေး အတွက်စိတ်မကောင်းဖြစ်ကြတယ် ။ချစ်သူကောင်မလေး နေကောင်းကျန်းမာတဲ့အခါ ပြန်လာဖို့ ပြောကြတယ်။ အမြဲတမ်းပြုံးပျော်ရွှင်နေတတ်တဲ့ကောင်လေးကို သူတို့ညီအစ်ကိုလို ခင်တဲ့ အကြောင်းပြောကြတယ်။ဘာပဲဖြစ်ဖြစ်နောက်ဆုံး ဒီနေရာလေးကိုပြန်လာဖို့ ပြောကြတယ်။ ကောင်လေးစိတ်မကောင်းဖြစ်ယုံကလွဲလို့ ဘာမှ မတုံ့ပြန်နိုင်ရှာဘူး။ ရက်ပေါင်းများစွာ နေရာလေးတစ်ခုမှာ အတူနေလာခဲ့ကြတာဆိုတော့ အားလုံးကိုကောင်လေး သံယောဇဉ်မပြတ်နိုင်ပါဘူး။ ခွဲရတော့မယ်ဆိုတဲ့ အသိက ကောင်လေးကို ဆို့နင့်ကြေကွဲစေတာတော့ အမှန်ပါ။ နောက်ဆုံးအားလုံးကိုနှုတ်ဆက်ပြီး ကောင်လေး တစ်ယောက်တည်းထွက်လာခဲ့တယ်။

ဒီလိုနဲ့ကောင်လေး သူ့ချစ်သူနားကို ပြန်ရောက်သွားတယ်။ ကောင်လေး ပြန်ရောက်သွားတာနဲ့ ကောင်မလေးလည်းချက်ချင်းဆိုသလို နောက်နေ့မှာပဲ နေကောင်းသွားတယ်။နောက်တော့ ကောင်မလေးက ကောင်လေးကို တစ်ခွန်းပဲပြောပါတယ်။ လွမ်းလို့ တဲ့။ ကောင်လေးရင်ထဲမှာ အတိုင်းမသိကြည်နူးရပေမယ့် သူ့ရဲ့မိတ်ဆွေတွေကိုအရမ်းသတိရတယ်။ ပြန်သွားချင်ပေမယ့် ချစ်သူကောင်မလေး ကသူ့အနားမှာပဲတစ်သက်လုံးနေဖို့ တောင်းဆိုတယ်။ မိတ်ဆွေတွေအပေါ်မှာ အရိုးခံခင်မင်တဲ့စိတ် ရှိပေမယ့် ကောင်လေးတစ်ယောက် သူ့မိတ်ဆွေတွေကို အဝေးကနေ သတိရလွမ်းနေရုံ ပဲတတ်နိုင်တော့တယ်။ ကောင်မလေးက ကောင်လေးကိုဘယ်ကိုမှ ပြန်မလွှတ် တော့ဘူးလေ။ ။ချစ်သောသူနဲ့  ဝေးရတဲ့ ခံစားချက်ကို ကောင်လေး မခံစားနိုင်တော့ဘူး ဆူးခင်းတဲ့လမ်း ကြမ်းပါစေတော့ အတူတူ နင်းဖြတ်မယ် ပင်လယ်သမုဒ္ဒရာဆိုလည်း အတူတူ လက်ပစ်ကူးမယ်ချစ်သူ။

နောက်ဆုံး...
ကောင်လေးတစ်ယောက် သူ့ချစ်သူကောင်မလေးနားမှာပဲ တစ်သက်လုံး နေတော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ကောင်မလေးအတွက်နဲ့ မြို့ပြရဲ့မာကျူရီအလင်းရောင်တွေကိုစွန့် ရေနံဆီမီးခွက်လေးနဲ့ လဲခဲ့တယ်။ သူ့ရဲ့မိတ်ဆွေအပေါင်းအသင်းတွေကို သတိရနေတာကလွဲလို့ ကောင်လေးဘ၀က သာယာစိုပြည်နေခဲ့ပါတယ်။ ကောင်လေးပြန်အလာကိုမျှော်နေကြတဲ့ ကောင်လေးရဲ့မိတ်ဆွေတွေအတွက်စိတ်မကောင်းဖြစ်မိပေမယ့် အဲဒီလိုကောင်လေး ပြန်မလာတော့တာကို သူတို့အားလုံး နားလည်ပေးနိုင်လိမ့်မယ်လို့ ကောင်လေးယုံကြည်နေတယ်........။

p:s- ကောင်လေးကို အားလုံးနားလည်လိမ့်မယ်လို့ထင်ပါတယ်။ ကောင်လေးကလည်း အားလုံးကိုသတိရနေမှာပါ။ တစ်နေ့ကျရင် ကောင်မလေးနဲ့အတူ သူ့မိတ်ဆွေတွေဆီကို ကောင်လေးရောက်လာအုန်းမှာပါ... တစ်နေ့နေ့ပေါ့......

24 Comments:

Anonymous said...

တကယ်ကြီး နှုတ်ဆက်သွားတာပဲ အစ်ကိုရေ့ ခွင်မင်ခွင့်ရခဲ့တာ ၀မ်းသာပါတယ်ဗျာ ရွေးချယ်လိုက်တဲ့ လမ်းကထာဝရ ဖြောင့်ဖြူးပါစေလို့  ဆုတောင်းပါတယ် ။ ဒီရပ်ဝန်းလေးက ထာဝရ ကြိုဆိုနေပါတယ် အဆင်ပြေတဲ့တစ်နေ့ ပြန်လာပေါ့ ။

မိတ်ဆွေတစ်ယောက်အနေနဲ့  အပြည့်အ၀ နားလည်ပေးပါတယ်ဗျာ ။

Unknown said...

အိမ်ထောင်ကျပြီးရင် တယောက်နဲ့တယောက် အကြာကြီး ခွဲမနေတာ အကောင်းဆုံးပဲဗျာ။ ပျော်ရွှင်ပါစေ။

နှင်းပွင့်ဖြူ said...

အားလုံးအဆင်ပြေပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
မိတ်ဆွေကောင်းဆိုတာ နေရာတိုင်းမှာ ပြန်ရနိုင်ပါတယ်။
အချိန်ဆိုတာကြီးက ကြာလာရင်နေသားကျသွားမှာပါ။

စိုးထက် - Soe Htet ! said...

အစ်ကို တစ်ယောက်က ညီ တစ်ယောက်ကို သတိရ သလိုမျိုး ရော ...

ပြိုင်ဖက် အသင်းကနေ တက်တက် ကြွကြွ အားပေးခဲ့တဲ့ ဘောလုံးချစ်သူ တစ်ယောက် အနေနဲ့ ရော ...

ရေးဖေါ်ရေးဖက် ဘလော့ဂ်ဂါ တစ်ယောက် အနေနဲ့ ရော သတိ တရ ရှိနေမှာပါ ...

အားလုံး အဆင်ပြေပါစေ ... ပြန်ဆုံကြမယ်လေ ... တစ်ချိန်ချိန်ပေါ့ ...
:)

ပန်းခရေ said...

သူငယ်ချင်း
အားလုံးအဆင်ပြေ ပျော်ရွှင်ပါစေ............
အားလုံးအဆင်ပြေတဲ့တစ်နေ့ပြန်လာခဲ့ပါ..
ငါတို့အားလုံး ဘလော့ဂါရပ်ဝန်းကနေ
ကြိုဆိုနေပါတယ်...
ပျော်ရွှင်ပါစေ

ein said...

ကိုမုန်တိုင်းကြီး...!
ဟုတ် နားလည်ပါတယ်ရှင့်...တစ်နေ့ကျရင် ကောင်မလေးနဲ့အတူ သူ့မိတ်ဆွေတွေဆီကို ရောက်လာမယ့် ကောင်လေးကို ကြိုဆိုနေပါတယ်...အဆင်ပြေပျော်ရွှင်ပါစေရှင်...။

ဇနိ said...

အခုမှ စခင်မလို့ရှိပါသေးတယ်။
ဘယ်လိုဖြစ်တာလဲ။
နားလည်ပါတယ်။ နောက်အဆင်ပြေတဲ့အချိန်မှာ
ကောင်မလေးနဲ့အတူ
လာလည်ပါ
အားလုံးအဆင်ပြေပါစေ
မဇနိ

ကြယ်စင်နတ်သမီး said...

မောင်လေးရေ အစစ အရာရာ အဆင်ပြေပါစေကွယ်... မောင်လေးပြောသလိုပဲ ရင်ထဲမှာ ပေါက်ကွဲချင်တာတွေရှိရင် ပို့စ်တင်လိုက်ပါ... တစ်နေ့နေ့တော့ ပြန်ဆုံစည်းခွင့်ရှိရင် ကိုယ့်ဘလော့ဒ်ဂါ မောင်နှမတွေနဲ့ ဆုံစည်းချင်ပါသေးတယ်... အခွင့်ရှိမယ်ဆိုရင်ပေါ့လေ...

လင်းထက် said...

စိတ်မကောင်းပေမယ့် နားလည်ပေးရုံကလွဲ လို့ဘာမှမတတ်နိုင်ပါဘူးညီရာ ညီ့ရဲ့ရွေးချယ်မှုက မှန်ကန်ပါတယ်..။
ဒီပါတ်ဝန်းကျင်လေးကို ညီရယ် ဇောင်းရယ် ညမီးအိမ် ရယ် ကိုယ်ရယ် မရှေးမနှောင်း ဝင်လာခဲ့ကြပြီးမှ ခုတော့ ဇောင်းကအရင် နှုတ်ဆက်သွားတယ် ညမီးအိမ်ကလဲ နားသွားတာ ဘယ်တော့ပြန်လာမယ်မသိ
ခုနောက်ဆုံးကညီလဲအပြီး နှုတ်ဆက်သွားပြီဆို တော့ ကိုယ်တစ်ယောက်ထဲ ကျန်ခဲ့ပြီ...။

Han Thit Nyeim said...

ဘလော့ဂါဖြစ်မှ ခင်ပေမယ့် တကယ်လေးနက်တဲ့ ခင်မင်မှုမျိုးနဲ့ ခင်ပါတယ်ဗျာ။ အဆင်ပြေတဲ့အခါ အဆင်ပြေသလိုပဲ အမြန်ဆုံးပြန်လာပါလို့ပဲ ပြောချင်ပါတယ်။

ဘလော့ဂါမိတ်ဆွေ
နွေရဲ့ မုန်တိုင်း
ဟိုသည် မဆိုင်းဘဲ
ခွဲခွာခြင်းဖန်
ပြန်ဆုံ တစ်နေ့
မမေ့ကြကြေး။

ခင်မင်လျက်
ဟန်သစ်ငြိမ်

May Moe said...

ကိုနွေမုန်တိုင်း ရေ ...အစစ အရာရာ အဆင်ပြေပါစေနော် ။
ဒီရပ်ဝန်းလေးက ထာဝရ ကြိုဆိုနေပါတယ် အဆင်ပြေတဲ့တစ်နေ့ ပြန်လာပေါ့ ။

MELODYMAUNG said...

မိုက်ကန်းရေ
မိုက်မိုက်ကန်းကန်းတော့နေနဲ့နော်
ချစ်ချစ်အတွက် အနစ်နာခံချစ်တာ ၀မ်းသာပါတယ်
အစစအရာရာ အဆင်ပြေပါစေ
အချိန်ရတာနဲ့ အွန်လိုင်းတက်ပေါ့နော်
ပြန်လာရင်လဲ ၀မ်းပန်းတသာ ကြိုနေကြမဲ့ ဘလော့ဂါ ရပ်ဝန်းပါဗျို

pandora said...

အမှတ်ရကျန်ခဲ့မှာပါ
အဆင်ပြေချောမွေ့ပါစေ
ပျောက်နေတဲ့ ကာလတွေမှာ မဖတ်ရသေးတဲ့ စာဟောင်းတွေ ပြန်လာဖတ်ထားပါမယ်

Unknown said...

ဆုံဆည်းခြင်းဆိုတာ တကယ်တော့ ခွဲခွာခြင်းအတွက် နိမိတ်ပုံတစ်ခုပါပဲ...။ အမှတ်တမဲ့နဲ့ ဆုံဆည်းခဲ့တဲ့ ကျွန်တော်တို့ရဲ့ နေ့ရက်တွေအတွက်တော့ ကျွန်တော် တို့ရဲ့ ရင်ထဲမှာ အမှတ်တရ အဖြစ်ကျန်ရှိနေမှာပါ...။ ကျွန်တော်တို့ အတူလျှောက်လှမ်းခဲ့တဲ့ လမ်းခရီးအတိုင်းအတာ တစ်ခုအတွင်းမှာ ကျွန်တော်တို့ တွေ အတူတူပျော်ခဲ့ကြဖူးတယ်..။ အတူတူ ကြေကွဲခဲ့ကြ ဖူးတယ်..။ အတူတူ ရဲရင့်ခဲ့ကြဖူးတယ်...။ ဒါတွေက ဘယ်တော့မှ ပျောက်ပျက်သွားမယ့် အရာတွေမဟုတ်ပါ ဘူး..။ လောကမှာ ဘယ်အရာမှ ထာဝရသေချာတယ် ဆိုတာမရှိပါဘူး..။ သေချာတာ တစ်ခုကတော့ ကျွန်တော်တို့အားလုံးလည်း တစ်နေ့မဟုတ် တစ်နေ့တော့ ဒီနေရာကနေ စွန့်ခွာကြ ရမှာပါပဲ..။ စောတာနဲ့ နောက်ကျတာပဲ ကွာခြားပါလိမ့်မယ်။ မထင်မှတ်ပဲ ဆုံဆည်းခဲ့ကြတယ်..။ အခုမထင်မှတ်ပဲ ပြန်လည်ခွဲခွာကြမယ်..။ နောက်ပြီးရင် မထင်မှတ်ပဲ ပြန်ဆုံဆည်းကြတာပေါ့ဗျာ...။ အဲဒီ့နေ့ကြရင်....

p.s- ကျွန်တော်တို့လွန်ခဲ့တဲ့ ရက်ပိုင်းက eot လုပ်တုန်းက အဖြစ်အပျက်လေးကတော့ တကယ့်ကို မမေ့နိုင်စရာပဲ အစ်ကိုရေ...။ :P ငြိမ်းချမ်းသော ဘ၀တစ်ခုကို တည်ထောင်နိုင်ပါစေဗျာ...။ ပြန်လာမယ့်နေ့ကို (တကယ်လို့ ရှိနေအုံးမယ်ဆိုရင်ပေါ့) ကျွန်တော်တို့အားလုံး နွေးနွေးထွေးထွေး ကြိုဆိုနေကြမှာပါ...။

လားရှိုးသူ said...

ထပ်ဆုံချင်သေးတယ်၊ အတူတူ ပြန်လာခဲ့ကြနော်။ အစစ အရာရာ အဆင်ပြေပါစေ။

Unknown said...

http://blackdream21.blogspot.com/2008/05/blog-post_28.html

အမှတ်တရပေါ့ အစ်ကိုရာ :(

မေမိုးမခ said...

စိတ်ထဲမှာတော့ တကယ်ကို ကိုယ့်အစ်ကိုအရင်း တစ်ယောက်ကို စွန့်လွတ်ရသလိုခံစားရတယ် ဒါပေမဲ့ ဘယ်တတ်နိုင်ပါမလဲ။ လူတိုင်းက ကိုယ့်တာဝန်တွေကို ကိုယ်ထမ်းဆောင်ရမှာပါဘဲ။ ညီမရဲ့ စီဘောက်ထဲမှာ နှုတ်ဆက်ခဲ့ပါတယ် ညီမရယ်ဆိုတာကို တွေတော့ ညီမစိတ်ထဲမှာ အရင်ကလိုမျိုး ပိုစ်အသစ်တွေကိုရေးလို့ ညီမကို လာသတိပေးတာလို့ထင်ခဲ့တယ်။ ပိုစ်လေးကလဲ တကယ်အသစ်ပါဘဲ ဒါပေမဲ့ ခွဲခွာခြင်းဆိုတဲ့ပိုစ်လေးဖြစ်တော့ တော်တော်လေးကို စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ နားလည်ပေးပါတယ်။ အစ်ကိုအမြဲတမ်းအဆင်ပြေပါစေလို့လဲ မျှော်လင့်ပါတယ် အစ်ကိုရေးပေးတဲ့ အမှတ်တရလေးတွေက ညီမတို့အတွက် အားဆေးတစ်ခွက်ဖြစ်သလို အမှတ်တရလေးလည်းဖြစ်ပါတယ်။ ညီမတို့ဆီ လာလည်ဖို့လဲ ညီမအမြဲတမ်းဖိတ်ခေါ်ပါတယ်။
အရာအားလုံးအဆင်ပြေပါစေ။ တစ်နေ့နေ့ ဘလော့ဂါရပ်ဝန်တွေ ပြန်လဲဆုံတွေကြမယ်ဆိုတာကို ညီမယုံကြည့်တယ်။ အစ်မကိုလဲ ဂရုစိုက်ပါလို နောက်ဆုံးပြောချင်ပါတယ်။

မော်စီ said...

ခွဲခွာခြင်းဆိုတော့ ရင်ထဲမှာတစ်မျိုးပဲဗျာ။ ကျနော်ဘလော့ရေးတာ ခဏနားတုန်းက အကိုက အကြောင်းတိုက်ဆိုင်ရင် ပြန်ဆုံချင်သေးတယ်ဆိုခဲ့သေးတယ်နော်။ အခုလည်းကျနော်တို့ အကြောင်းတိုက်ဆိုင်ရင်ပြန်ဆုံပါရစေလို့ဆုတောင်းပါတယ်ဗျာ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ဘလော့ဂါ မောင်နှမတွေအဖြစ် အမြဲထာဝရတည်ရှိနေမှာပါ။ အကို့ရဲ့ ဘလော့အိမ်လေးကိုလည်း ကျနော်တို့ မကြာမကြာလာလည်ပါ့မယ်။ အကိုပြန်လာမယ့်ရက်ကို ကျနော်တို့ ဘလော့ဂါမောင်နှမတွေအားလုံး မျှော်လင့်နေကြမှာပါ။ ချစ်တဲ့သူနဲ့ လျှောက်ရမယ့်လမ်းခရီးမှာ အခက်ခဲမရှိ သာယာဖြောင့်ဖြူးပါစေဗျာ။

blogger's poem said...

ဒီလိုခွဲခွာသွားလိမ့်မယ်လို့ မျှော်လင့်မထားမိပါဘူးဗျာ။ ကျနော်တို့ ဘလော့ဂါတို့၏ ကဗျာရပ်ဝန်းမှ ကျနော်တို့ အိမ်သားတစ်ယောက် အဝေးကိုထွက်သွားတာကို ကျနော်တို့ မောင်နှမတွေအားလုံး နားလည်ပါတယ်။

နှုတ်ဆက်ခွဲခွာ သွားပေမယ့် ကဗျာရပ်ဝန်းမှာတော့ အကို နွေမုန်တိုင်းရဲ့ စကားလုံးတွေ ရှင်သန်နေဆဲပါ
အဆင်ပြေလို့ ပြန်လာမယ့်ရက်ကို ကဗျာရပ်ဝန်းမှ ကဗျာမောင်နှမတွေ မျှော်လင့်စောင့်စားနေလျက်ပါ

Anonymous said...

မုန်တိုင်း.... သူငယ်ချင်း... မင်းနဲ့ငါ ခဏတာတွေ့ခဲ့ရပေမယ့် တကယ့်သူငယ်ချင်းတွေလို ဆက်ဆံခဲ့တယ်ဆိုတာ မင်းရောငါရော သိပါတယ်ကွာ.... မင်းဒီလိုထွက်သွားလိမ့်မယ်လို့ ငါမထင်မိတာတော့ အမှန်ပဲ.. ဒါပေမယ့် မင်းကိုငါတို့ နားလည်နိုင်ပါတယ်... အမြဲလည်း မျှော်နေမယ်ကွာ... မင်းပြန်လာမယ့်နေ့ကိုပေါ့.. မင်းပြောသလို ဘဝဆိုတာ ဘကုံးနဲ့ ဝနဲ့ ပေါင်းထားလို့သာ.. ဒီထက်ပိုပေါင်းရင် ပိုဆိုးဖို့ပဲ ရှိတော့မပေါ့... အစစအရာရာ အဆင်ပြေပါစေ သူငယ်ချင်း.. ဘဝမှာ အောင်မြင်မှုတွေနဲ့အတူ ပျော်ရွှင်ပါစေ သူငယ်ချင်း...

ရွှေပြည်သူ (ShwePyiThu) said...

တကယ်စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါပေမယ့် ချစ်သူနဲ့ အတူရှိဖို့ ခွဲခွာသွားတာဆိုတော့ ကောင်းသောခွဲခွာခြင်းလို့ပဲ မှတ်ယူပါတယ်။ နွေမုန်တိုင်းတစ်ယောက် ချစ်သူနဲ့အတူ ပြန်လာမယ့် အချိန်ကို သူငယ်ချင်းတွေက အမြဲကြိုနေကြမှာပါ။ အစစအရာရာအတွက် အကောင်းဆုံးဆုတွေ တောင်းပေးလိုက်ပါတယ် မောင်လေးရေ...

ရွှန်းမီ said...

အစစအရာရာ အဆင်ပြေပါစေ .. အစ်ကို နွေမုန်တိုင်း..
အစ်မလဲ ပျော်ရွှင်ပါစေ။
ပျော်ရွှင်ကျန်းမာ တဲ့ မိသားစုလေးကို ပြန်တွေ့ချင်ပါတယ် :-)
သတိတရ ဆုတောင်းပေးနေမှာပါ။
ချိတ်ထားတဲ့ လင့်တွေ ခိုင်နေဆဲ ~ ~

မြန်မာပြည်ကိုလွမ်းတယ် said...

သူငယ်ချင်းရေ..ဒီရက်တွေမှာလေသိပ်ချစ်
ရတဲ့သူတွေနဲ့ခွဲခွာရလို့ရင်ထုမနာဖြစ်နေရ
တဲ့ခံစားမှုအပြင်တိုင်ပင်ဖော်၊တိုင်ပင်ဘက်
သူငယ်ချင်းတစ်ယောက်ကခုလိုကျောခိုင်း
သွားတော့စိတ်မကောင်းဖြစ်ရပြန်တယ်။
သူငယ်ချင်းတစ်ယောက်ပျော်ရွှင်စွာနဲ့ချစ်သူ
လေးနဲ့ဘ၀ခရီးလမ်းကိုလျှောက်လှမ်းနိုင်ပါစေ
လို့လှိုက်လှိုက်လှဲလှဲဆုတောင်းပေးလိုက်ပါတယ်။

အောင်မျိုးဟန် said...

ကိုမုန်တိုင်း ဘ၀တူလို့ပြောခဲ့ဖူးတာကို မမေ့ပါနဲ့ဗျာ
ခုတော့ ခင်ဗျားနဲ့ ကျွန်တော်က ဘ၀မတူတော့ဘူးနော်။
အားကျလိုက်တာဗျာ။

သာယာဖြောင့်ဖြူးသောချစ်ခရီးလမ်း ဖြစ်ပါစေ။

 

blogger templates | Make Money Online