April 25, 2008

ဧပရယ် ၁၈


အဲဒီနေ့က ကျွန်တော့်ရဲ့ လွပ်လပ်ခြင်းတွေကို သူမဆီ ကြည်ဖြူစွာနဲ့ အပ်နှင်းလိုက်ရတယ်။ လေဟုန်စီးပြီးလွပ်လပ်စွာ ပျံသန်းပျော်မြူးတတ်တဲ့ ငှက်တစ်ကောင်ဟာ လှောင်အိမ်ထဲကို သူကိုယ်တိုင်တိုးဝင်ခဲ့တယ်။ မှုန်ပျပျ အလင်းရောင်အောက်မှာ စမ်းတ၀ါးဝါးနဲ့ ခရီးတစ်ခု ကို တိမ်တိုက်နဲ့အတူ ရွက်လွင့်ခဲ့တယ်။ ကိုယ့်ရင်ခုန်သံတောင်ကိုယ်ပြန်ကြားလို့...။သူမအပြုံး သူမ မျက်လုံးတွေရဲ့ စူးရှမှု ကြောင့် လတစ်ခြမ်းတောင် ညချမ်းမှာ တိမ်တိုက်ကြား တိုးဝင် ပျောက်ကွယ်သွားတယ်။

ရွန်းလဲ့တဲ့မျက်ဝန်းတစ်စုံက အနာဂတ်ရဲ့ လမ်းပြကြယ်တစ်ပွင့်လား?
သူဖန်ဆင်းတဲ့ အပြုံးတစ်ပွင့်ကတော့ ကျွန်တော့်အိပ်မက်တွေကို နွေခေါင်ခေါင်မှာ
ရွက်သစ်တွေဝေလို့.......။
မှော်ပဉ္စလက်နဲ့ ဖမ်စားသလို သူမရှေ့မှောက် မှာ ဒူးထောက်ကျဆုံးသွားတယ်။

ကျွန်တော့် စိတ်ကူး၊အိပ်မက်၊အနာဂတ်တွေ ကိုအဲဒီနေ့မှာပဲ သူမ အကုန်သိမ်းပိုက်သွားတယ်။ ( သူမ သိမ်းပိုက်သွားတယ်ဆိုတာထက် ကျွန်တော်ကိုယ်တိုင် ပေးအပ်လိုက်ရတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်) ကျွန်တော် ပိုင်ဆိုင်သမျှ အရာအားလုံး သူမရဲ့ အပြုံးတစ်ပွင့်အောက် မှာတင် နူးညံ့စွာ ကျရှုံး ခဲ့ကြတယ်။ ဖမ်းဆုတ်မရတဲ့ ကျွန်တော့် မျှော်လင့်ချက်တစ်ချို့တောင် သူမ ဆုတ်ကိုင်နိုင်စွမ်း ရှိတယ်။ ကျွန်တော် တည်ဆောက်ထားတဲ့နန်းတော်မှာ သူမ ကတော့ အရှင်သခင်ပါပဲ။ ကျွန်တော် တယုတယ နဲ့ ပျိုးခဲ့ရတဲ့ ဥယျာဉ်ကြီးက ဒီနေ့မှာတော့ ရှိသမျှပန်းတွေ အကုန်ပွင့်လို့ မွှေးရနံ့တွေလည်းထုံမွှန်နေပါတော့တယ်.......။

မနက်လင်းလို့ ကြေးမုံပေါ်ကိုကြည့်လိုက်တော့ ကျွန်တော့်ပုံရိပ်ကိုမမြင်ရပဲ သူမပုံရိပ်သာ ကျွန်တော်မြင်လိုက်ရတယ်။ တဒင်္ဂလေးပေါ့.... ကျွန်တော်ဟာ သူမဖြစ်သလို သူမဟာလည်း ကျွန်တော်ဖြစ်ခဲ့ပြီ။
ခုချိန်ကစလို့ သူမအတွက်ဆို အရာရာကိုဖန်ဆင်း စစ်တလင်းတောင် ချစ်ခြင်းနဲ့ပြည့်အောင် ကျွန်တော်ဖန်ဆင်းနိုင်ရမယ်။

လာချစ်သူ ........
ဟိုရှေ့မှာ အနာဂတ် ဆိုတဲ့ခရီး ကိုရွက်လွှင့်ဖို့ သစ္စာတရားနဲ့ တည်ဆောက်ထားတဲ့ လှေငယ်တစ်စင်းရှိတယ်။
နားလည်မှု ဆိုတဲ့ တက်နဲ့ လှော်ခတ်လို့ ခရီးဆုံးထိ ရောက်အောင် တို့နှစ်ယောက် ရွက်လွှင့်ကြမယ် ။
လောကဓံ ဆိုတဲ့ ရေလှိုင်းတွေကြားမှာ ...........။
p-s: ကျွန်တော့်ရဲ့ မင်္ဂလာပွဲအမှတ်တရ ပို့စ်လေးပါ။အခုမှတင်ဖြစ်တာကို တော့အားလုံးခွင့်လွှတ်ပေးကြပါ။

April 16, 2008

ရင်တွင်းနွေ

သစ်ရွက်တစ်ချို့
မြေအနှံ့ ပြန့်ကျဲနေတယ်
လေ အဝှေ့မှာ ကြွေလွင့်ကြတာလေ...
စိတ်ဓါတ်တွေလည်း နွေနေပူမှာ ရေငတ် လို့...
ရင်ခွင်မှာ လမသာတာတောင် ကြာပေါ့..
အပြုံးတွေတောင်မှ
တစ်ဝက်တစ်ပျက်နဲ့တင်
နှုတ်ခမ်းပေါ်ကနေ ခြေလျှော်ကျတယ်...
ဟဲလို မိတ်ဆွေ
အပန်းမကြီးဘူးဆိုရင်
ရေခဲစိမ် စကာလုံးတစ်ချို့
ကျုပ်ရင်ဘတ်ထဲ ထည့်ပေးပါလား
ဒီနွေက သိပ်ပူတယ်ဗျာ....။

April 04, 2008

သင်္ကြန်ပိတောက်နဲ့အတူ


နွေရာသီရဲ့ပွဲတော်မှာ
ကျွန်တော့် ဘ၀ထဲကို အမှတ်မထင်ရောက်လာသူ.......
ပန်းပိတောက်တွေ ပန်ဆင်ထားတဲ့ ဆံနွယ်လေးတွေက လေအဝှေ့မှာ ကဗျာတစ်ပုဒ်ပါပဲ။
ပိတောက်ပန်းချစ်တဲ့ “မ” ရေ...

နွေဟာ "မ" ကြောင့်အေးမြသွားပြီ.
"မြင်မြင်ချင်းအချစ်"ဆိုတာကို လက်ခံလိုက်တဲ့ နေ့လေးတစ်နေ့
ကျွန်တော့်အတွက်တော့ အားလုံးအမှတ်တရတွေချည်းပါပဲ.
ကျွန်တော်"မ" ကိုစိတ်ဝင်စားတယ်။

ရွှဲရွှဲစိုနေတဲ့ မရဲ့အလှမှာ တဒင်္ဂ ကျွန်တော်နစ်မွန်းသွားတာတော့ ခွင့်လွှတ်ပေးပါ
အားလုံးကရေ၀ိုင်းလောင်းလို့ “မ”နှုတ်ခမ်းတွေတောင်ပြာလို့
"မ" သိပ်ကိုအေးနေမှာပဲနော်....
အအေးဒဏ်ကို ကာကွယ်ဖို့ ကျွန်တော့် သန်ဘက်လေးထုတ် ပေးတော့
ရီဝေေ၀အကြည့်တွေနဲ့ ကျေးဇူးစကားဆိုတယ်.......
နှုတ်ဖျားက ထွက်ကျလာတဲ့စကားလုံးတွေက သင်္ကြန်ရေလို အေးမြလို့
နွေနေပူရဲ့နေ့လည်ခင်းကြီးမှာ ကျွန်တော့်ရင်ဘတ်ထဲက ဖြတ်ပြီး
အရှိန်ပြင်းတဲ့ ရထားတစ်စင်းခုတ်မောင်းသွားတယ်"မ"ရေ......
အားလုံးက တိတ်တခိုးဆိုတယ်
"ကိုယ်ရံတော်"တဲ့။
စနောက်ကြတဲ့စကားလုံးပေမယ့် တစ်ကယ့်သူရဲကောင်းတစ်ယောက်လို
"မ"နားမှာ စောင့်ကြပ်လို့
မခွဲနိုင်မခွာရက် နဲ့ပေါ့
ထွက်ပြေးသွားမှာ လည်းစိုးရိမ်တယ်လေ...

"မ" တစ်ယောက်သာ မကြည့်လို့ မသိပေမယ့် အားလုံးက တွေ့နေကြပါတယ်
ဒီကောင်လေးရဲ့ ရင်ဘတ်ထဲကိုပေါ့...
အပျံသင်စငှက်တစ်ကောင်ရဲ့ ဝေဒနာတွေကို
ကွယ်ရာမှာ ဟာသလုပ်ပြီး ပျက်လုံးမလုပ်ပစ်လိုက်ပါနဲ့"မ"ရယ်.
ကျွန်တော် ချစ်တာ ပိတောက်တွေလည်း သိပါတယ်...
ကျေးဇူးပြု၍...
သင်္ကြန်ရေနဲ့အတူ ရင်ထဲက ဝေဒနာတွေကို ကုစားပါ...။

April 02, 2008

မိုးတစ်ညပုံပြင်


သည်းထန်စွာ ရွာသွန်းနေတဲ့ မိုးရေတွေက ငါ့မျက်ဝန်းထဲက မျက်ရည်တွေကို သူနဲ့အတူရောထွေး စီးဆင်းစေတယ်။ ကောင်းပါတယ် မိုးရေ...... မိုးနဲ့ရောနေတဲ့ငါ့မျက်ရည်တွေကို ဘယ်သူမှမမြင်နိုင်တော့ဘူးပေါ့။ဟိုတစ်ချိန်တုန်းက ဒီလိုမိုးရေတွေကြားမှာ ထီးလေးတစ်ချောင်းကို တူတူဆောင်းပြီး မိုးမတိတ်မချင်း မိုးရွာထဲမှာ လျှောက်ခဲ့ဖူးတယ်။ “မိုးရွာတာကို ကျွန်မ သဘောကျတယ် ကို” တဲ့။ ပြောခဲ့တဲ့စကားတွေ ခုချိန်ထိ နားထဲမှာ ကြားယောင်ဆဲ။
တစ်ခါ တစ်ခါကျတော့ မိုးရွာထဲမှာ ဆောင်းနေတဲ့ထီးကို လွှတ်ချပြီး သူမထွက်ပြေးတယ်။ နှစ်ယောက်စလုံးမိုးရေတွေစိုလို့ ။ “ပျော်စရာကောင်းတယ်နော်” တဲ့။ သိပ်မကြာခင်မှာပဲ အေးတယ်ဆိုပြီး သူမညည်းပြန်တယ်။ ပြန်မယ်ဆိုတော့ “မိုးတိတ်မှ” တဲ့။ တော်တော်ပြောရခက်တဲ့ကောင်မလေး။ မိုးရွာထဲမှာ သိပ်ကိုပျော်တဲ့ကောင်မလေး။ နှုတ်ခမ်းတွေပြာနေတာတောင် မိုးရွာထဲမှာ ပျော်လို့ကောင်းတုန်း ။ အအေးပတ်လိမ့်မယ်လို့ပြောလည်း သူမ ဂရုမစိုက်ပါဘူး။သူမက မိုးရွာရင်သိပ်ကိုသဘောကျတဲ့ ကောင်မလေးပါ။
မိုးရွာပြီဆိုတာနဲ့ သူမ ကျွန်တော့်ကို ခေါ်ပြီး မိုးရေထဲကို ထွက်တော့တာပါပဲ။ မလိုက်ဘူးဆိုရင်လည်း တစ်ယောက်တည်းမသွားဘူး။ တစ်ချက်လောက်အော်ငေါက်ပြန်တော့ လည်း မျက်ရည်လေး တစ်ဝဲ၀ဲနဲ့။ နောက်ပြီးဆိုသေးတယ်။ “ကျွန်မက ကိုနဲ့ အတူတူ မိုးရွာထဲမှာ လျှောက်သွားချင်တာ” တဲ့။ မိုးခြိမ်းသံ ကြားရင်တော့ သူမကြောက်လွန်းလို့ ကျွန်တော့်လက် ဆုပ်ထားပြီးတော်တော်နဲ့ မလွှတ်တော့ပါဘူး ။မိုးခြိမ်းသံကိုတော့ သူမက ကြောက်တယ်တဲ့။
ပျော်ခဲ့ဖူးတဲ့အတိတ်က မိုးရေတွေက ခုချိန်မှာတော့ ငါ့ကိုမအေးမြစေနိုင်ပါဘူးချစ်သူ။
မိုးသည်းလေ ငါကြေကွဲလေ။ မိုးခြိမ်းသံကြားရင် ငါရင်တွေနာတယ်။ လျှပ်စီးလက်တဲ့ အခါ မင်းပုံရိပ်တွေကိုငါ့မျက်ဝန်းတွေထဲမှာ ၀ိုးတစ်ဝါးမြင်ရတယ်။ မိုးသည်းထဲမှာ လျှောက်သွားနေတဲ့ ချစ်သူစုံတွဲ လေးတွေကိုမြင်ရင် ငါနင့်ကို အရမ်းသတိရတယ်။ ခုတော့ငါ မိုးနဲ့အတူ နင့်ကိုလွမ်းနေတယ် ချစ်သူ။
ပြီးခဲ့တဲ့အတိတ်က ငါသာနင့်ကို အလိုမလိုက်ခဲ့ရင်.....
မိုးရေတွေကြားမှာ နင့်ကိုအချိန်အကြာကြီးမနေစေခဲ့ရင်......
ခုချိန်မှာ ငါနင်နဲ့ အတူ မိုးရေထဲမှာ နှစ်ယောက်အတူတူရှိနေမယ်ဆိုတာ သေချာတယ်ချစ်သူ။ အရာအားလုံးပြီးခဲ့ပြီဆိုပေမယ့် မိုးရွာတိုင်းသတိရနေတဲ့ငါ ဘယ်လိုဖြေသိမ့်ရမှာလဲ။ နင်ပျော်ဖူးခဲ့တဲ့ မိုးရေတွေကပဲ နင့်ကို ခေါ်သွားကြတာလေ။ခုတော့နင်ပျော်နိုင်သေး ရဲ့လားချစ်သူ။ အားလုံးကို နင်ကထားခဲ့ပေမယ့် ကျန်ရစ်ခဲ့တဲ့ သူက မမေ့နိုင်ဖြစ်နေတာ နင်ကတော့သိမှာ မဟုတ်တော့ပါဘူး။
မိုးရေတွေက ငါတို့နှစ်ယောက်ကို ပျော်ရွှင်မှုတွေပေးခဲ့သလို ကြေကွဲစရာတွေကိုလည်း မိုးရေတွေကပဲ ပြန်ပေးခဲ့တယ်။ ခုတော့ဒါတွေ အားလုံး ပုံပြင်တစ်ပုဒ်လိုဖြစ်သွားခဲ့ပြီ။ နောင်တစ်နေ့ မိုးရေထဲမှာ ပျော်ရွှင်ကြည်နူးနေတဲ့ ချစ်သူတွေကို တွေ့ရင် နင်နဲ့ငါ့အကြောင်းကို ပြောလိုက်ပါ့မယ်ချစ်သူ။ ငါတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို နားထောင်ပြီး သူတို့တွေ ငါတို့နှစ်ယောက် လိုအဖြစ်မျိုးမကြုံရလေ အောင် ငါပြောလိုက်ပါ့မယ်။ အဲလိုပြောလိုက်လို့ သူတို့တွေရဲ့ နှုတ်ဖျားမှာ တို့နှစ်ယောက်ရဲ့ မိုးဇာတ်လမ်းလေးကို ပြောစမှတ်ဖြစ်နေကြ မယ်ဆိုရင်ပဲ ငါနင့်ကို လွမ်းရကျိုးနပ်ပါတယ်ချစ်သူ။

March 29, 2008

ခရေပင်လမ်းလေး

လျှောက်ခဲ့ဖူးတဲ့ ခရေပင်လမ်းလေးထဲမှာ ခုတော့တစ်ယောက်တည်းအထီးကျန်စွာ လျှောက်လှမ်းနေတာ ငါပါပဲကောင်မလေးရယ်။
ငါအခုခရေပန်းလေးတွေကောက်နေတယ်။ ခရေတစ်ကုံး သီကုံးမလို့ပေါ့။

ဟိုအရင်ကဆို ဒီလမ်းလေးက ချစ်သူနှစ်ဦးရဲ့ ပျော်ရွှင်ကြည်နူးစွာနဲ့ အမှတ်တရပေါင်းများစွာ မှတ်ကျောက်တင်ခဲ့တဲ့ နေရာလေးပေါ့။ တို့နှစ်ယောက်ခရေပန်းလေးတွေကို ဘယ်သူအများဆုံးကောက်နိုင်မလဲဆိုပြီး လုကောက်ခဲ့ကြဖူးတယ်နော်။

ခရေပန်းတွေကောက်ပြီး ငါတို့နှစ်ယောက်ပေါင်း ကောက်လို့ရတဲ့ ခရေပန်းလေးတွေကို ငါက အိမ်ကိုယူသွားတယ်။နင့်အတွက်ငါကိုယ်တိုင် ခရေကုံးလေးတွေကို သီကုံး ပေးဖို့ပေါ့။ နောက်နေ့ကျတော့ နင့်အတွက်ငါသီကုံးပေးတဲ့ ခရေကုံးလေးတွေကို နင့်ရဲ့ဆံကေသာမှာ ငါကိုယ်တိုင် ပန်ဆင်ပေးခဲ့တယ်။

ခရေရနံ့တွေနဲ့ နင့်ဆံနွယ်တွေကို ငါတန်ဖိုးထားခဲ့တယ်။ နင့်ရဲ့ပိတုန်းရောင်ဆံကေသာက ငါ့ခရေကုံးလေးတွေနဲ့ ပနံသင့်လိုက်တာကောင်မလေးရယ်။ ခရေပန်းကိုမှ မြတ်မြတ်နိုးနိုး ချစ်တယ်ဆိုတဲ့နင့်ကို ငါကလည်း အမြတ်တနိုးနဲ့ တန်ဖိုးထား ချစ်ခဲ့တယ်။ နေ့စဉ်နေ့တိုင်းငါက နင့်ရဲ့ပန်းဆက် ဗျတ္တ ပေါ့။ ဒါလေးကိုပဲ ငါကျေနပ်နေမိပါတယ်။ နင့်အတွက် လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးချင်နေတာကိုက ငါနင့်အပေါ်ထားတဲ့ မေတ္တာတရား ဆိုတာ ကိုနင်လည်းသိခဲ့တယ်။ ငါနင့်ဆီကိုနေ့စဉ် ခရေပန်းလေးတွေ ဆက်ခဲ့တယ်နော် ။

ဒီလိုနေ့စဉ် ဆက်သနေတဲ့ကြားက ......
တစ်နေ့မှာ နှင်းဆီပန်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ နင်ငါ့ဆီရောက်လာခဲ့တယ်။ နင်ပြောတော့ လက်ဆောင်ရလာတာတဲ့။ ဘယ်သူတစ်ဦးတစ်ယောက်က ပေးတာလဲလို့ ငါနင့်ကိုမမေးခဲ့ပါဘူး ။ နင့်မျက်နှာလေးကိုကြည့်လိုက်တာနဲ့ နှင်းဆီပန်းတွေကို နင်ဘယ်လောက် တပ်မက် နေတယ်ဆိုတာ ငါသိခဲ့ပါတယ်။ခရေ ကိုမှ ချစ်တယ်ဆိုတဲ့နင်က နှင်းဆီပန်းတွေ ရောက်တဲ့နေ့ကစပြီး ငါ့ခရေပန်းလေးတွေကို လျစ်လျူ ရှုခဲ့တယ်။ ငါ့ခရေပန်းလေးတွေ နင့်ဆံကေသာမှာ မပန်ဆင်ရပဲ ပိုင်ရှင်မဲ့ နွမ်းခြောက် ရပြီ။ ငါစိတ်မကောင်းပါဘူး။နင့်ကိုငါ နားလည်ပါတယ် ။ နွမ်းခြောက်သွားပေမယ့်လည်းငါ့ခရေပန်လေးတွေ မွှေးပျံ့နေဆဲပါ။ ငါ နင့်ကိုမပေးဖြစ်ခဲ့တဲ့ ခရေပန်းလေးတွေ ကို အမှတ်တရအဖြစ်သိမ်းထားတာ ခုဆိုရင် ခရေပန်းထည့်တဲ့သေတ္တာလေးတောင် ပြည့်တော့မယ်။
နှင်းဆီဆိုတာ တော်ဝင်ပန်းပါ ချစ်သူ ။ နင်လိုချင်တက်မက်တာကို ငါအပြစ်မမြင်ပါဘူး။ ဒါပေမယ့် အခန့်မသင့်လို့ ဆူးစူးမှာကိုတော့ငါ စိုးရိမ်မိတယ်။
ခုဆိုရင် နင့်ဆံကေသာမှာ ငါ့ခရေပန်းလေးတွေ မမြင်ရတာ ရက်တွေကို လစားလို့ သက္ကရာဇ်တစ်ခုတောင်အသစ်ဖြစ်သွားပြီကောင်မလေးရေ။
ဘာပဲဖြစ်ဖြစ်ပါ ငါ့ရဲ့ခရေပန်းလေးတွေ နင့်ကိုခုထိ မျှော်လင့်နေတုန်းပါပဲ။ အခန့်မသင့်လို့ နင့်ကို နှင်းဆီဆူး တွေစူးခဲ့ရင် အဲဒီနှင်းဆီကို စွန့်ပြီး ခရေပင်လမ်းလေးကို ပြန်လာခဲ့ပါချစ်သူ ။ ခုတော့ခရေပင်ကြီးတောင် ပန်းကောက်မယ့်သူမရှိလို့ ပန်းတွေမပွင့်တာတောင် တော်တော်ကြာပြီ........။ပိုင်ရှင်မယ့်နွမ်းခြောက်နေတဲ့ ခရေကုံးလေးတွေ ကိုနင်လာကြည့်လှည့်ပါ။ ခုချိန်ထိ မွှေးပျံ့နေတုန်းပါပဲ ။ ပြန်လာကြည့်ရင်နင်သိမှာပါ...............။

ခုချိန်ထိ ငါ ခရေပန်းလေးတွေ သီနေတုန်းပါပဲချစ်သူ။

March 28, 2008

ပုန်းရှောင်သူ



မနေ့ကငါ......
သီချင်းတွေ ဆိုညည်း

ပျော်တော်ဆက်လို့
နင့်ကို ချော့သိပ်ခဲ့တယ်။

မနေ့ကငါ......
ကဗျာတွေ သီကုန်း
ရင်တစ်ခုလုံး ရင်းပြီး
နင့်အတွက် ရည်ရွယ်ခဲ့တယ်။

မနေ့ကငါ......
မိုးပေါ်က ကြယ်ကိုဆွတ်
နင့်အတွက် လည်ဆွဲလုပ်မယ်ဆိုပြီး
ငါ့ အချစ်ကို ဖွဲ့ဆိုခဲ့တယ်။

မနေ့ကငါ......
နင့်အတွက်ဆိုပြီး
ငွေခြေကျင်းလေး ၀ယ်
ငါကိုယ်တိုင် ၀တ်ဆင်ပေးခဲ့တယ်။

မနေ့ကငါ......
ရင်ခွင်ကို ပေါင်းသင်လို့
နှင်းဆီ တစ်ခင်းပျိုး
နင့်အတွက် ငါ
ဥယျာဉ်တစ်ခု ဖန်ဆင်းခဲ့တယ်။

မနေ့ကငါ.......
ဘုရားမှာဆုတောင်း
ရိုးမြေကျ ပေါင်းရစေဖို့
နင့်ကိုငါတစ်ကယ်
ရည်ရွယ်ခဲ့တယ်။

မနေ့ကငါ......
မပြေလည်တာတွေ တစ်ခဏ
နင့်အတွက်ဘ၀င်ကျစေဖို့
ခပ်ပြုံးပြုံးလေး နေခဲ့တယ်။

မနေ့ကငါ.......
မနေ့ကငါ.......
မနေ့ကငါ.......

ဒီနေ့မှာတော့......
သီချင်းတွေရပ်တန့်
ကဗျာတွေ ရင်ကွဲပြီး...
လည်ဆွဲလေး ပျက်စီး...
ငွေခြေကျင်လေး ပျောက်ပျက်လို့
ဥယျာဉ်ကြီးလဲ ခြောက်ကပ်နေပြီ...
တောင်းတဲ့ဆုတွေ မပြည့်နိုင်ပဲ
ငါ့အပြုံးတွေ အသက်မဲ့သွားတာ....

နင် ရက်စက်တယ်
ကောင်မလေးရယ်.....။

March 26, 2008

နှလုံးသားမြို့တော် (၂)

ပျက်စီးသွားတဲ့ “နှလုံးသားမြို့တော်” ဟာ ပြန်လည်ပြုပြင်မယ့်သူ မရှိပဲ ဆယ်စုနှစ်တစ်ခုလုံး ဒီအတိုင်းပဲ ရှိနေခဲ့တယ်။နှလုံးသားမြို့တော် ဟာ သူ့ဒဏ်ရာတွေကို သူ့ကိုယ်သူ ကုစားပေမယ့် ဒဏ်ရာတွေက ထပ်ထပ်ပဲ တိုးလာခဲ့တယ် ။ နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး သူ့ကိုယ်သူ ပစ်ထားလိုက်တယ်။ ဒီလိုနဲ့တစ်နေ့မှာ တော့ “နှလုံးသားမြို့တော်” ကိုနောက်ထပ်ဧည့်သည်တစ်ယောက်ထပ်ရောက်လာ ပြန်ပါတယ်။ ဧည့်သည်လို့သာသုံးနှုံးလိုက်ရတာ တစ်ကယ်တော့ ဒီတစ်ခါရောက်လာတာ ဧည့်သည်မဟုတ်ပါဘူး ။ “နှလုံးသားမြို့တော်” ကို ပြန်လည်တည်ထောင်မယ့် “နှလုံးသားမြို့တော်” ရဲ့ “ကယ်တင်ရှင်” လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ သူ ဟာ “နှလုံးသားမြို့တော်” ကို
အရင်က တစ်ခါမှ မရောက်ဖူးပါဘူး။ မရောက်ဖူးပေမယ့် “နှလုံးသားမြို့တော်” ရဲ့ အကြောင်းတွေကို အကုန်လုံး နီးပါးလောက်ကို သိနေ ခဲ့ပါတယ်။ အဲလိုသိအောင်လည်းသူက အရင်ဆုံး စုံစမ်းခဲ့တယ်။ မြို့တော်ကို ပြန်လည်တည်ထောင်ဖို့ ဘာတွေ လိုအပ်မလဲဆိုတာကို “နှလုံးသားမြို့တော်” ရဲ့ မလှမ်းမကမ်းကနေ အမြဲစောင့်ကြည့်နေခဲ့တယ်။ ဒီလောက် ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မြို့တော် ဟာ ဘာကြောင့် ပျက်စီးသွားရတာလဲဆိုတာကို သူ စဉ်းစားတယ်။ “နားလည်မှု”နဲ့“ကြင်နာမှု” တွေ မလုံလောက်ခဲ့လို့လား ဆိုပြီး အဖြေထုတ်တယ်။နောက်ထပ်တစ်ခါဒီလိုမဖြစ်ရအောင် သူ ကြိုးစားမယ်ဆိုပြီး “နှလုံးသားမြို့တော်” ကို ပြန်လည်တည်ထောင်ဖို့အတွက်
လိုအပ်တာတွေ ပြည့်စုံတဲ့တစ်နေ့မှာ သူဟာ “နှလုံးသားမြို့တော်” ထဲကို ၀င်လာခဲ့ပါတယ်။ သူဝင်လာတဲ့အချိန်မှာ “နှလုံးသားမြို့တော်” ဆီမှာ ၀င်ခွင့်မတောင်းခဲ့ပါဘူး ။ သူ့သဘောနဲ့သူဝင်လာခဲ့တယ်။ သူဟာ “မြို့တော်” ကိုပြန်လည်တည်ထောင်ဖို့သိပ်ကိုစိတ်အား ထက်သန်နေခဲ့တယ်။သူ့ကြောင့် “နှလုံးသားမြို့တော်” ပြန်လည်အသက်ဝင်နိုးထလာမှာကို သူအရမ်းမျှော်လင့်တယ်။မျှော်လင့်တဲ့အတိုင်း ဖြစ်လာလိမ့်မယ်လို့လည်း သူ့ကိုယ်သူယုံကြည်နေတယ်။ ဘာကြောင့်လဲဆိုတော့ “နှလုံးသားမြို့တော်” ကိုပြန်လည်တည်ထောင်ဖို့ အတွက်သူ့မှာ အကုန်ပြည့်စုံ နေတယ်လေ။ လိုအပ်တာမှန်သမျှသူ့ဆီမှာ အကုန်ရှိနေပြီ။ “အချိန်တစ်ခု” ကိုပဲ သူစောင့်ရမှာ ။ သူ့ရဲ့ ညာဖက်လက်မှာ စစ်မှန်တဲ့ သစ္စာတရားရှိတယ်။ ဘယ်ဖက်လက်မှာ နွေးထွေးတဲ့ မေတ္တာတရား ရှိတယ်။ သူ့ရင်ဘတ်ထဲမှာ တော့ လတ်ဆတ်တဲ့ ရင်ခုန်သံတွေရှိတယ်။ နောက်ပြီးသူ့ဆီမှာ ကြင်နာဖေးမမှု၊အနွံတာခံမှု၊သည်းခံခွင့်လွှတ်မှု၊စာနာ နားလည်မှု နဲ့ အပြုံးချိုချို တွေ ရှိတယ်။ “နှလုံးသားမြို့တော်” ကိုပြန်လည်တည်ဆောက်ဖို့အတွက် အကောင်းဆုံးသော အသုံးဝင်ဆုံးသော ကိရိယာ တွေကိုပဲ သူယူလာခဲ့တယ်။ မလိုအပ်တဲ့ ၀န်တိုမှု ၊ ချုပ်ချယ်မှု ၊ တောင်းဆိုမှု ၊ စတာတွေကို “နှလုံးသားမြို့တော်”ရဲ့အပြင်ဖက်မှာ သူထားခဲ့တယ်။ ဒီလိုနဲ့သူဟာ အရင်ဦးဆုံး သူ့ရဲ့ညာဖက်လက်နဲ့ မြို့တော်ကို ထုဆစ် ပုံဖော်တယ်။ ဘယ်ဖက်လက်နဲ့ မြို့တော်ကို အသက်သွင်းတယ်။ သူ့ရင်ဘတ်နဲ့ အရာအားလုံးကို စိတ်တိုင်းကျ တည်ဆောက်တယ်။ “ကယ်တင်ရှင်” ရဲ့စွမ်းဆောင်ရည်ကြောင့် “နှလုံးသားမြို့တော်”ဟာ အချိန်တိုတိုအတွင်းမှာ ပြန်လည်အသက်ဝင်လာခဲ့တယ်။ “နှလုံးသားမြို့တော်” အတွင်းမှာ သီချင်းတစ်ချို့ပျံ့လွင့်လာတယ်။ အချိန်အခါ မဟုတ်ပဲ ပန်းရနံ့တစ်ချို့ သင်းပျံ့လာတယ်။ ကဗျာတစ်ချို့ အိမ်လည်လာကြတယ်။ ကမ္ဘာပေါ်မှာအလှဆုံးသော ပန်းတွေ က “နှလုံးသားမြို့တော်” မှာ လာရောက် ဖူးပွင့်ကြတယ်။ ခုတော့ “နှလုံးသားမြို့တော်” က အသစ်တစ်ဖန်ပြန်ပြီး အသက်ဝင်ရှင်သန် ခဲ့ပါပြီ။ “ကယ်တင်ရှင်” ကို သူ အရမ်းကျေးဇူးတင်သွားတယ်။ “နှလုံးသားမြို့တော်” မှာရာသက်ပန်နေဖို့ တောင်းဆိုလိုက်တယ်။ “ကယ်တင်ရှင်” မရှိရင် မဖြစ်တဲ့အကြောင်း ။“ကယ်တင်ရှင်”ကြောင့်ခုလို ပြန်လည်အသက်ဝင်လာရကြောင်း ၊ဒီမြို့လေးမှာပဲ နောက်ဆုံး ထွက်သက်ထိ နေသွားပေးဖို့ “နှလုံးသားမြို့တော်” က မေတ္တာရပ်ခံလိုက်တယ်။ အဲဒီတော့“ကယ်တင်ရှင်” က စဉ်းစားအုန်းမယ်ဆိုပြီး အဖြေပေးပါတယ်။ သူစဉ်းစားပြီးအဖြေရတော့“နှလုံးသားမြို့တော်” ကိုအဖြေပေးတယ်။ သူ “နှလုံးသားမြို့တော်”မှာ ရာသက်ပန် နောက်ဆုံးထွက်သက်ထိ နေသွားမယ့်အကြောင်း “နှလုံးသားမြို့တော်” ကိုပြန်လည်အဖြေပေးခဲ့တယ်။ “နှလုံးသားမြို့တော်” က ပျော်လွန်းလို့ “ဟေးးးးးးးးးးး” လို့အော်လိုက်မိတယ်။ အဲဒီတော့ “ကယ်တင်ရှင်” က “နှလုံးသားမြို့တော်” ကို မျက်စောင်းလှလှလေး တစ်ချက်ထိုးပါတယ်။ ဒီနေ့ က “နှလုံးသားမြို့တော်“ အတွက် အမှတ်တရ နေ့လေးတစ်နေ့ပါပဲ ။ ခုချိန်ထိမှတ်မိနေတုန်းပါပဲ။ အဲဒီနေ့ ကတော့ 2005 April 18 ရက်နေ့ ........ အဲဒီနေ့ကို “နှလုံးသားမြို့တော်” ရဲ့ နှစ်ပတ်လည်နေ့လို့ “ကယ်တင်ရှင်” နဲ့တိုင်ပင်ပြီး သတ်မှတ်လိုက်တယ်။ လာမယ့် April 18 ဆိုရင် “နှလုံးသားမြို့တော်” ရဲ့ နှစ်ပတ်လည်နေ့ဖြစ်သလို “ကယ်တင်ရှင်” က “နှလုံးသားမြို့တော်” မှာ ရာသက်ပန်ရိုးမြေကျနေမယ့်အကြောင်းလက်မှတ်ရေးထိုးမယ့်နေ့လေးတစ်နေ့လည်းဖြစ်ပါတယ်။
p-s: အားလုံးကိုဖိတ်ခေါ်ပါတယ်။

March 25, 2008

နှုတ်မဆက်ပဲ ထွက်သွားသူ

အတူထိုင်ဖူးတဲ့ ကော်ဖီဆိုင်လေးရဲ့ အတူထိုင်ဖူးတဲ့ ထိုင်ခုံလေးမှာ ငါအခု ထိုင်နေတယ်ချစ်သူ။
မပြောင်းလဲ့တဲ့ဒီဆိုင်လေးက မပြောင်းလဲသေးတဲ့ တေးသီချင်းလေးတွေကို ခုထိဖွင့်ထားတုန်းပါပဲ။
ပြောင်းလဲသွားတာက နင် တစ်ယောက်မရှိတော့ပါပဲ။
ဆိုင်စားပွဲထိုးလေးက လောကွတ်စကားဆိုပါတယ် အစ်မ မပါဘူးလား အစ်ကို တဲ့။
တစ်ဖက်လူက လောကွတ်စကား လို့ဆိုပေမယ့် ငါ့အတွက်တော့ ခံစားမှု ဒီဂရီတွေက
ရင်ဘတ်ထဲကနေ စောင့်တက်လာတယ်ချစ်သူ။
ကျေးဇူးပြု၍ တစ်ယောက်တည်းနေခွင့်ပြုပါ ။ မှာထားတဲ့ကော်ဖီကို
သောက်မယ်လုပ်တော့ ကော်ဖီခွက်ထဲမှာ မင်းမျက်နှာ ပေါ်လာပြန်တယ်။
တော်ပြီကွာ ဒီတိုင်းပဲထားလိုက်တော့မယ်။
ဒါနဲ့ပဲ ပိုက်ဆံရှင်းပြီး ဆိုင်ထဲကနေထွက်လာလိုက်တယ် ။ စားပွဲထိုးကောင်လေးက နောက်ကလိုက်လာပြီး
အစ်ကို ကော်ဖီက တစ်ခွက်ဖိုးပဲလေ ဆိုပြီး ပိုနေတဲ့ငွေကို ပြန်အမ်းတယ်။
ဘာကြောင့်ငါ ကော်ဖီနှစ်ခွက်ဖိုးပေးမိတာပါလိမ့်?
ဒီလိုနဲ့လျှောက်လာရင်း ဘယ်သွားရင်ကောင်းမလဲဆိုပြီး စဉ်းစားတယ်။
စိတ်သက်သာရာ ရမယ်ထင်တဲ့နေရာသွားရင်ကောင်းမယ်
လို့စဉ်းစားပြီး ဘုရားပေါ်တက်လာလိုက်တယ်။ ပန်းရောင်းတဲ့ကောင်မလေးက
အစ်ကို ပန်းမ၀ယ်တော့ဘူးလား တဲ့ ။
ဒီနေ့အစ်မ မပါဘူးနော် တဲ့။ ဟူး သေသာသေလိုက်ချင်တော့တယ်။
ဒါနဲ့ပဲ သူ့ကိုပြုံးပြပြီး ပန်းတစ်စည်းဝယ်လိုက်တယ်။
စနေထောင့်သွားပြီး မပြည့်နိုင်တော့တဲ့ ဆုကိုတောင်းလိုက်မိတယ် ။ ချစ်သောသူနဲ့ ရာသက်ပန် ရိုးမြေကျ ပေါင်းရပါစေ လို့ ။ ခါတိုင်းဆိုရင်တော့ ဘုရားရင်ပြင်ပေါ်မှာ နှစ်ယောက်တူတူ ဆုတွေတောင်းလိုက်ကြတာ နာရီဝက်လောက်ကြာပါတယ်။ ခုတော့ လိုချင်တောင့်တ တဲ့ဆုတစ်ခုကို တောင်းလိုက်ပြီး ဘုရားရင်ပြင်ပေါ်ကနေဆင်းလာလိုက်တယ်။
ခုချိန်ထိနင်ကတော့ငါ့အနားမှာ ရှိနေတုန်းပဲ ချစ်သူ။ ကျေကွဲစရာတွေ နဲ့ပြည့်နှက်နေတဲ့ငါ
ပျော်ရွှင်ကြည်နူးစရာတွေကိုဘယ်မှာ လိုက်ရှာရမလဲ ချစ်သူ ?
အခုငါဘယ်သွားရမလဲ? မထူးတော့ပါဘူး အိမ်ပဲပြန်တော့မယ်။
အရာအားလုံးမေ့ပြီးခဏလောက်အိပ်ပစ်လိုက်တယ်။ မင်းက အိပ်မက်ထဲထိရောက်လာပြန်တယ်။
မင်းကိုသတိရတိုင်းသာ ပန်းတစ်ပွင့် ပွင့်မယ်ဆိုရင် ဒီကမ္ဘာကြီးပန်းတွေနဲ့ ပြည့်နှက်နေလောက်ပြီချစ်သူ။
သတိရတိုင်းမျက်ရည်ကျရလို့ ငါ့မှာ မျက်ရည်တွေလည်းခမ်းခြောက်ကုန်ပြီ။
ရူးတယ်လို့ ဆိုချင်ဆိုတော့ ငါနင့်ကိုတစ်ရက်မှ မမေ့ဘူးချစ်သူ။ အမှတ်တရပေါင်းများစွာ အုတ်မြစ်ချပြီးမှ
ဘာကြောင့်ငါ့အနားက ထွက်သွားရတာလဲ? ရက်စက်တဲ့လောကဓံတရားကြီးက ဘာဖြစ်လို့မင်းတစ်ယောက်ကိုမှ ရွေးပြီး
ခေါ်သွားရတာလဲ? ဖြစ်ချင်တာတွေဖြစ်မလာတာကိုက ငါတို့နှစ်ယောက်ရဲ့အတိတ်ကံလား? ကမ္ဘာတစ်ဖက်မှာ နင်ရှိသလို ကမ္ဘာတစ်ဖက်မှာ ငါရှိတယ်။ စိတ်မပျက်နဲ့ ချစ်သူ တစ်နေ့နေ့ ငါတို့နှစ်ယောက် ဆုံနိုင်မှာပါ။ ရောက်နေတဲ့နေရာလေးမှာ နင်ပျော်အောင်နေပါ ။ ငါ့အတွက်လည်းနင် စိတ်မပူနဲ့ ။ တို့နှစ်ယောက်ခဏလေး ဝေးတာလို့ သဘောထားလိုက်ပါ ။
ပြန်ဆုံကြမယ့်တစ်နေ့ရောက်ရင်သာ နင်ငါ့ကို အရင်လိုချစ်ခွင့်လေးတော့ ပြန်ပေးပါ လို့ ငါတောင်းဆိုချင်တယ်။
ဒါပေမယ့်................. ပြန်တွေ့ကြတဲ့ တစ်နေ့ ......................နင်ငါ့ကို မှတ်မိပါအုန်းမလား???

p-s: သူမကျွန်တော့်ကို တစ်ကယ်နှုတ်မဆက်ခဲ့ပါဘူး။

March 23, 2008

အသည်းကွဲဇာတ်လမ်းလေးတစ်ပုဒ်

အလွမ်း နဲ့အဆုံးသတ်မယ်မှန်းကြိုသိခဲ့ရင် ကျွန်တော့်ရင်ခွင်တစ်ခုလုံးကို ဘာလို့ ပုံအပ်ခဲ့မှာလဲ။ခုတော့...........
ဥသြ တွေတောင် တေးဆိုကုန်ပြီ။ လေရူးတွေလည်းတိုက်ကုန်ကြပြီ။ရင်ခွင်မှာလည်းခြစ်ခြစ်တောက်အောင်ကို ပူနေပြီ။
ကျေးဇူးပြု၍ အေးမြလတ်ဆတ်သော မေတ္တာတရားတွေ နဲ့ ငါ့ကို ကုစားပါချစ်သူ..
အချိန်တွေခဏလောက်နောက်ပြန်လှည့်ကြည့်လိုက်ပါ။မင်းထားခဲ့တဲ့နောက်ပိုင်းမှာ........
မင်းအတွက်ဆိုပြီး ပေးဆပ်ခဲ့တဲ့ ငါ့နှလုံးခုန်သံတစ်ချို့ ရေခဲမြစ်ထဲမှာ မြုပ်နေတာမင်းတွေ့လိမ့်မယ်။
အလွမ်းသီချင်းတွေ ဆိုနေတဲ့ အိပ်ပျက်ညတွေကို မင်းတွေ့လိမ့်မယ်။
ကြေမွ ပြဲစုတ်နေတဲ့ ဒိုင်ယာရီတွေ မင်းတွေ့လိမ့်မယ်။ကာရံမညီတဲ့ ကဗျာအပိုင်းအစတွေမင်းတွေ့လိမ့်မယ်။
ကြေကွဲစရာတွေပြည့်နှက်နေတဲ့ ငါ့ဘ၀အစိတ်အပိုင်းတစ်ချို့ကိုပါမင်းတွေ့လိမ့်မယ်။
တစ်ချိန်သော အခါက...........
ငါတို့နှစ်ယောက် တိမ်တွေစီးပြီး ဟိုး အဆုံးမရှိတဲ့ ခရီးကိုသွားခဲ့ဖူးတယ်။
ငါတို့နှစ်ယောက် ပင်လယ်သမုဒ္ဒရာကြီးကိုလည်းဖြတ်ဖူးတယ်။ငါတို့နှစ်ယောက် တောင်တွေဖြတ်ပြီး သီချင်းတွေလည်း
ညည်းခဲ့ဖူးတယ်။နှစ်ယောက်အတူရှိစဉ်တုန်းက အရာအားလုံးကို ရင်ဆိုင် နင့်အတွက်ငါ သူရဲကောင်းတစ်ယောက်
ဖြစ်ခဲ့ဖူးတယ်။ခုချိန်မှာတော့ ဒါတွေဟာ ပုံပြင်တစ်ပုဒ်ဖြစ်သွား ပြီလား?
အရာအားလုံးမင်းအတွက် လှပခဲ့တဲ့ ဒီအတိတ်ကို မင်းဘာကြောင့်စွန့်ခွါရတာလဲ???
`အတိတ်´ဆိုတဲ့ပန်းခင်းလေးကြောင့် `အနာဂတ်´ဆိုတဲ့ဥယျာဉ်ကြီး လှပရတာပါ။
သီးပွင့်တော့မယ့်အချိန်ရောက်မှ ဘာကြောင့်ဖျက်ဆီးပစ်လိုက်ရတာလဲ ကောင်မလေးရယ်?
အပြစ်မတင်ရက်တဲ့ငါ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့လိုက်ပါတော့မယ်။ ပျော်ပါစေချစ်သူ....
အရာရာကိုကျော်ဖြတ် ရင်ဆိုင်မယ့် နင့်အတွက်ဆိုပြီး ပေးဆပ်ခဲ့တဲ့ငါ......
ခုတော့ ဒဏ်ရာတွေ ဗလပွ နဲ့ ကျန်ရစ်ဖြစ်ခဲ့တာ သိပ်တော့လည်းမထူးဆန်းပါဘူး။
ကျန်ခဲ့တဲ့ရက်စွဲတွေ ပြန်လှန်ကြည့်ရင် နေ့တိုင်း ရက်ရာဇာ တွေပါပဲချစ်သူ။မနေ့ကအချိန်ထိပေါ့။
မနေချင်ရင်လည်းသွားပါတော့.........
အရာအားလုံးပြီးဆုံးသွားပြီဆိုတော့လည်း.............

p-s:ကျွန်တော့်ဘ၀တစ်စိတ်တစ်ဒေသပါ။

March 19, 2008

အိပ်မက်ဒဏ္ဍာရီ

ဒေါက်ဒေါက်...ဒေါက်ဒေါက်...ဒေါက်ဒေါက်...!!!
အဆက်မပြတ်ခေါက်နေတဲ့တံခါးခေါက်သံကြောင့် သော့ပေါက်ကနေ အပြင်ဖက်ကို
ချောင်းကြည့်လိုက်တယ်။
အလို......အိပ်မက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျွန်တော့်ရဲ့ စိတ်ကူးနတ်သမီးလေးကို
တအံ့တသြ တွေ့လိုက်ရတယ်။ သူမ ဘာလာလုပ်တာပါလိမ့်..???
ကျွန်တော်သူမဆီကို ၀င်ခွင့်တောင်းခဲ့တုန်းက သူမ ကျွန်တော့်ကို မသိချင်ယောင်
ဆောင်ခဲ့ပါသည်။ ခုတော့ သူမ ကကျွန်တော့်ကိုဝင်ခွင့်တောင်းနေပြီ။
ကျွန်တော်ဘာလုပ်ရမလဲ? နည်းနည်းတွေဝေသွားတယ်...။
နှလုံးသားက ၀င်ခွင့်ပြုဖို့ ဖိအားပေးနေပေမယ့် ဦးနှောက်က ခပ်တည်တည်လုပ်နေတယ်လေ။
ဒါနဲ့ပဲနောက်ဆုံး ကျွန်တော် ဦးနှောက်ကို လျစ်လျူရှု့လိုက်တယ်။
နှလုံးသား အလိုကျ သူမကို ကျွန်တော်ဝင်ခွင့်ပေးလိုက်တယ်။
သူမအပြုံးတစ်ချက်ကို ကျွန်တော့်အတွက်ခြွေချပြီး ညင်သာစွာ ၀င်လာခဲ့ပါတယ်။
သူမ ရောက်တဲ့အချိန်မှာပဲ ကျွန်တော် အနာဂတ်စားပွဲ တစ်ခုကို ခင်းလိုက်တယ်။
နောက်ပြီး အဲဒီအပေါ်မှာ အကြင်နာ၊အိပ်မက်၊မျှော်လင့်ချက်၊လက်တွေ့ဘ၀၊နားလည်မှု...
စတာတွေနဲ့ သူမကို တည်ခင်းဧည့်ခံလိုက်ပါတယ်။နောက်ပြီး.....
အဲဒါတွေ စားသုံးဖို့ သူမ လက်ထဲကို အချစ် ဆိုတဲ့ဇွန်းတစ်ချောင်း ထည့်ပေးလိုက်ပါတယ်။
အဆင်သင့်ဖြစ်ပြီးဆိုတော့မှ သူမကိုစားသုံးစေပါတယ်။
ပထမဦးဆုံး သူမ အကြင်နာ ကိုစတင်မြည်းစမ်းလိုက်ပါတယ်။ ကျွန်တော်က ဘယ်လိုနေလဲ
ဆိုတော့ သူမ ကချိုပါတယ်တဲ့။ နောက်ပြီး သူမ အိပ်မက် တွေကို ခပ်သောက်လိုက်တယ်...
ပြီးတော့ အတိုင်းမသိအောင်ကြည်နူးရတယ်တဲ့။နောက်တစ်ခါ မျှော်လင့်ချက်တွေကို သူမ စားကြည့်တယ်
အဲဒါအားဆေး တစ်ခွက်လားတဲ့ ကျွန်တော့်ကို မေးတယ် ။ ကျွန်တော်ပြုံးရုံ ပြုံးပြလိုက်ပါတယ်။
နောက်ပြီးတော့ လက်တွေ့ဘ၀ ကိုသူမ နည်းနည်းမြည်းကြည့်လိုက်တယ်။ချက်ချင်းပဲ သူမ နှာခေါင်းရှုံ့ပြီး
ပြန်ထွေးထုတ်မယ်လို့ လုပ်ပါတယ် ။ ပါးစပ်ကလည်း ခါးလိုက်တာ ဆိုပြီး သူမ ဆိုပါတယ်။
ဒါနဲ့ကျွန်တော်လည်း ခါးတယ်ဆိုပေမယ့် ထွေးတော့မထုတ်လိုက်ပါနဲ့ မြိုချလိုက်နော် လို့ ဆိုတော့
သူမ ကျွန်တော့်မျက်နှာ ကြည့်ပြီး အောင့်အည်း မြိုချလိုက်ပါတယ်။ သူမ တော်တော်လည်းခါးသွားမှန်း
ကျွန်တော်သိလိုက်တယ်။ဒါပေမယ့် သူမ မြိုချလိုက်တာကိုတွေ့တော့ ကျွန်တော့်ရင်မှာ အတိုင်းမသိအောင်
ပီတိတွေ ဖြစ်ရတယ်။ ဒီလိုနဲ့နောက်ဆုံးသူမကို နားလည်မှု တစ်ခွက်တိုက်လိုက်တယ်။ အားလုံးထဲမှာ အကောင်းဆုံး
ပဲလို့ သူမ ပြောပါတယ်။ ကျွန်တော် သူ့ ကိုတစ်ခုခုပြောမလို့စဉ်းစားနေပါတယ် ။
အဲဒီချိန်မှာပဲ........................။
တီတီ...တီတီ...တီတီ...တီတီ...
ကျွန်တော့်ရဲ့ နာရီနှိုးစက်သံကြောင့် အိပ်မက် ထဲကနေ လန့်နိုးသွားတယ်ဗျာ။
ကျွန်တော် စဉ်းစားနေတာက ဒါတွေဟာ အိပ်မက် မဟုတ်ရင်သိပ်ကောင်းမှာပဲ လို့သူမ ကိုပြောမလို့ပါပဲ။
ကဲခုတော့ ...........??

March 18, 2008

နှလုံးသားမြို့တော်

တစ်ခါတုန်းကပေါ့........
`နားလည်မှု´ နဲ့ `ကြင်နာမှု´ နှစ်ခုပေါင်းပြီးတည်ဆောက်ထားတဲ့ `နှလုံးသားမြို့တော်´ ဆိုတဲ့ မြို့လေးတစ်မြို့ ရှိသတဲ့။ အဲဒီမြို့လေးက တည်ငြိမ်အေးချမ်းတော့ လာလည်ချင်တဲ့သူတွေ အများကြီးပေါ့။ ဒါပေမယ့်အဲဒီမြို့ကို လာလည်ချင်တိုင်း လာလို့မရဘူးတဲ့။ အဲဒီမြို့ရဲ့စည်းကမ်းချက်တွေကိုလိုက်နာနိုင်မှ
အဲဒီမြို့ကို ၀င်ခွင့်ရတယ်တဲ့ ဖြတ်လျှောက်သွားတဲ့လူတိုင်းက `နှလုံးသားမြို့တော်´ ကို
ဝင်ရောက်လည်ပတ်ချင်ပေမယ့် စည်းကမ်းချက်တွေ မလိုက်နာနိုင်လို့အဝေးကပဲ ကြည့်သွားကြသတဲ့။
`နှလုံးသားမြို့တော်´ ရဲ့စည်းကမ်းချက်တွေက......
(၁) ကြင်နာတတ်သူဖြစ်ရမည်။
(၂) စာနာဖေးမတတ်သူဖြစ်ရမည်။
(၃) ရင်ခုန်သံတွေလတ်ဆတ်ရမည်။ တဲ့.........
စည်းကမ်းချက်တွေက အပေါ်ယံကြည့်ရင် လိုက်နာဖို့လွယ်ကူတယ်လို့ထင်ရပေမယ့် တစ်ကယ်တမ်းလိုက်နာ ဖို့အတွက်ခက်ခဲလွန်းတော့ `နှလုံးသားမြို့တော်´ ကြီးမှာဧည့်သည်မလာပဲ အထီးကျန်နေတာပေါ့။
ဒီလိုနဲ့တစ်နေ့မှာ.....`နှလုံးသားမြို့တော်´ကိုဧည့်သည်တစ်ယောက်ရောက်လာပါတယ်။
အဲဒီဧည့်သည်ဟာ စည်းကမ်းချက်တွေ ကိုလိုက်နာနိုင်လို့ ရောက်လာတာပဲဆိုပြီး
`နှလုံးသားမြို့တော်´ က နွေးထွေးစွာနဲ့ကြိုဆို လိုက်တယ်။ဒါပေမယ့်အဲဒီဧည့်သည်က
ခြွင်းချက်တစ်ခုတော့ရှိတယ်။ဘာလဲဆိုတော့ ရင်ခုန်သံတစ်ချို့မလတ် ဆတ်တော့ပါဘူး။
ဘာပဲဖြစ်ဖြစ်လေ ရောက်လာပြီပဲ ကိုယ့်ဖက်ကဧည့်ဝတ်ကျေရမှာပေါ့ဆိုပြီး
`နှလုံးသားမြို့တော်´ ကြီးက ဧည့်သည်ရောက်တဲ့နေ့ကစပြီးအမှုတော်ထမ်းရွက်ပါတော့တယ်။
`နားလည်မှု´ နဲ့ `ကြင်နာမှု´ ကိုလည်းသေချာမှာထားတယ်။
ဧည့်သည်ကို သေချာဂရုတစိုက်ရှိဖို့ကိုပေါ့။
တစ်ကယ်တမ်းလည်း `နှလုံးသားမြို့တော်´ ကြီးက
ဧည့်သည်အပေါ်မှာ အင်မတန်မှ ဧည့်ဝတ်ကျေခဲ့ပါတယ်။
ဘာပဲလိုလိုချက်ချင်းပဲရအောင်ဖြည့်ဆည်းပေးခဲ့ပါတယ်။
တစ်ခုခုတောင့်တတာနဲ့ချက်ချင်းပဲရအောင် ဆောင်ရွက်ပေးရှာတယ်။
`နှလုံးသားမြို့တော်´ရဲ့ ဧည့်ဝတ်ကျေပွန်မှုကြောင့် ဧည့်သည်ရဲ့ ရင်ခုန်သံတစ်ချို့
ပြန်လည်အသက်ဝင် ရှင်သန်လာပါတယ်။ဧည့်သည်ကတော့ဒါတွေကိုမသိပါဘူး။
`နှလုံးသားမြို့တော်´ ကတော့ သူ့ကြောင့်ဧည့်သည်ပျော်ရွှင်နေတာကို မြင်ရတော့
ကျေနပ်နေတာပေါ့။ ဖြစ်နိုင်ရင်ဧည့်သည်ကို သူ့ဆီမှာတစ်သက်လုံး နေစေချင်တယ်လေ...
ဒီလိုနဲ့တစ်နေ့မှာတော့........
`နှလုံးသားမြို့တော်´ ငိုင်နေတာကို `နားလည်မှု´ နဲ့ `ကြင်နာမှု´
ကတွေ့တော့ ဘာဖြစ်လို့မှိုင်နေတာလဲလို့မေးတယ်။
ဒီတော့`နှလုံးသားမြို့တော်´ ကြီးက
ဧည့်သည်မရှိတော့ဘူးတဲ့။ မင်းတို့ ဧည့်သည်ကို သေချာဂရုမစိုက်ဘူးလားလို့မေးတော့
`နားလည်မှု´ က ကျွန်တော်သူ့ကိုဂရုစိုက်ပါတယ်။
သူ ဘာပြောပြော ဘာလုပ်လုပ် ဘာမှပြန်မပြောပဲ ပြုံးပြုံးလေးနဲ့
သူ့ကိုပဲကြည့်နေခဲ့ပါတယ် တဲ့။ `ကြင်နာမှု´ ကလည်း ကျွန်တော်လည်း
သူ့ကိုဂရုတစိုက်ရှိခဲ့ပါတယ်။သူလိုအပ်တာမှန်သမျှတယုတယနဲ့
ဖြည့်ဆည်းပေးခဲ့ တာချည်းပါပဲတဲ့။ အဲဒီတော့ `နှလုံးသားမြို့တော်´ ကစဉ်းစားတယ်။
ဒီလောက်ဧည့်ဝတ်ကျေနေပါရက်နဲ့ ဘာဖြစ်လို့ ဧည့်သည်က ပြန်သွားရတာလဲပေါ့။ သူတို့သုံးဦး ခေါင်းချင်းဆိုင်ပြီးစဉ်းစားတယ်။နောက်ဆုံးတော့ အဖြေတစ်ခုရသွားတယ်။
ဘာလဲဆိုတော့ .........
ဧည့်သည်ဆိုတာ အချိန်တန်ရင်အိမ်ပြန်မှာပဲ ဆိုတာကိုပေါ့။
အဲဒီဧည့်သည်ပြန်သွားတဲ့နောက်ပိုင်းကစပြီး `နှလုံးသားမြို့တော်´ လည်းရင်ကွဲနာကျပြီးပျက်စီးသွားသတဲ့။


p-s: လွန်ခဲ့သော ၇ နှစ်တာကာလကပေါ့.......။

March 16, 2008

အထီးကျန်


တိတ်တဆိတ်ဝင်လာတယ်ဆိုပြီး...
ဒီလိုပဲ အမှတ်တမဲ့ ထွက်သွားခဲ့တယ်။
လွမ်းလို့ ကျန်ရစ်ခဲ့မှာ ကိုတော့..........
သူ မသိပါဘူး။
ကျန်နေသူရင်ခွင်ကို အပူတွေတစ်လှေကြီးနဲ့
ဒဏ်ရာတွေ အနာမကျက်အောင်
ပြုစားရက်တဲ့သူ။
အမှတ်တမဲ့ ဆိုပြီး ထားရစ်တဲ့သူက
ထားခဲ့ပေမယ့်
အမှတ်တရ ပေါင်းများစွာနဲ့ ကျန်ရစ်ခဲ့တာ
ကျွန်တော် ပါပဲ...။
ဇာတ်သိမ်းခန်းလည်းရောက်ပြီ...
နောက်ဆုံးတော့လည်း...
ကျွန်တော်တစ်ယောက်တည်းပါပဲ။

မမေ့နိုင်

ဖမ်းဆုပ်မရတော့တဲ့ အိပ်မက်တစ်ခုကို
ဘာကြောင့် မက်မောနေရတာလဲ...?
ပိုင်ဆိုင်ခွင့်မရှိတော့တဲ့ အနာဂတ်လေးကို
ဘာကြောင့်ပြန် လိုချင်တာလဲ...?
ပြိုပျက်သွားတဲ့ မျှော်လင့်ခြင်းတွေကို
ဘာကြောင့် တမ်းတနေတာလဲ...?
ပျော်စရာကမ္ဘာလေးကို
ဖျက်ဆီးပစ်ခဲ့တာ ဘာကြောင့်လဲ...?
နေ့ ည တွေ ကဗျာမဆန်တော့တာ
မင်းမရှိတော့လို့လား...?
ကြယ်တစ်ပွင့် ကြွေကျသွားတာကရော
မင်းအတွက်ဆုတောင်းပေးတာလား...?
ဆောင်းတွင်းညတွေ ခိုက်ခိုက်တုန်နေတာကရော
အဝေးဆုံးကို မင်းရောက်သွားလို့လား...?
အရာအားလုံးပျောက်ပျက်သွားပေမယ့်.......
ငါ့နှလုံးသား အနက်ရှိုင်းဆုံးနေရာမှာ
မင်းကတော့ ခုချိန်ထိ ရှိနေသေးတယ် ချစ်သူ......။
ပြန်လာပါလို့ ငါမတောင်းဆိုပါဘူး
လမ်းကြုံရင်တော့ ၀င်ခဲ့ပေါ့....။
ကြင်နာမှုတွေနဲ့ လက်ကမ်းလို့ ကြိုနေမယ်
တစ်ချိန်က မင်းရဲ့အိမ်လေး .....။
p-s:ရင်ဘတ်ထဲကထွက်ကျလာတဲ့စကားလုံးတစ်ချို့ပါ...။

March 13, 2008

ကမ္ဘာခြားသွားတဲ့ချစ်သူ


ကမ္ဘာတစ်ဖက်စီခြားခဲ့ပြီချစ်သူ တစ်ခါတစ်ရံငါသတိရတဲ့အခါ ပျော်ဖူးခဲ့တဲ့အတိတ်ကို စိတ်ထဲမှာ
မြင်ယောင်တယ်.တို့နှစ်ယောက်သိပ်ချစ်ခဲ့ကြတဲ့ အရင်အတိတ်တွေကိုဘယ်သူတွေပြန်ယူပေးနိုင်မှာလဲ.
တို့နှစ်ယောက်ရဲ့အတိတ်ကိုတို့နှစ်ယောက်ပိုင်ခဲ့သလို . တို့နှစ်ယောက်ရဲ့အနာဂတ်ဟာလဲ
နားလည်မှုတွေလွဲခဲ့တဲ့ တို့နှစ်ယောက်ကြားကအဖြစ်အပျက်တွေကြောင့်
လေထဲတိုက်အိမ်ဆောက်သလိုဖြစ်ခဲ့ရပြီ...တစ်ရက်မှမမေ့ဘူးချစ်သူ..
ဆုံးရှုံးခဲ့တဲ့သံယောဇဉ်တွေ
နားလည်မှုတွေ ကြင်နာမှုတွေ ကူညီဖေးမခဲ့မှုတွေ ဒါတွေကိုငါဘယ်မှာလိုက်ရှာရမလဲ.ဖြေပါချစ်သူ.
တယုတယနဲ့ပျိုးခဲ့ရတဲ့ငါ့ရဲ့နှင်းဆီအိပ်မက်တွေ ရေပေါ်အရုပ်ဆွဲသလိုဖြစ်ကုန်ပြီ. ပြန်လာခဲ့ပါလို့
မျှော်လင့်ခွင့်မရှိတော့ပေမယ့် မင်းအိမ်ပြန်လာမယ့်နေ့ ရက်တွေကိုငါကတော့ ရူးသွပ်စွာနဲ့ဒီနေ့ထိ
စောင့်မျှော်နေတုန်းပါပဲချစ်သူ.. ဟိုးအဝေးကြီးကိုတစ်ယောက်တည်းထွက်သွားတဲ့မင်းရဲ့နောက်ကိုတစ်နေ့
တော့ငါလိုက်လာမှာပါချစ်သူ ..ဖမ်းဆုတ်မရတော့တဲ့ ငါတို့နှစ်ယောက်ရဲ့ မျှော်လင့်ခြင်းတွေကို ဒီမျှနဲ့ပဲ
အဆုံးသတ်ခွင့်ပေးပါချစ်သူ..လွမ်းလွမ်းဆွေးဆွေးနဲ့ငါရင်ကွဲနေချိန်မှာမင်းကတော့ဒါတွေကို မသိနိုင်တော့ပါဘူး..ကမ္ဘာတစ်ဖက်မှာမင်းပျော်ရွှင်စေဖို့ ငါဆုတောင်းပေးပါတယ်ချစ်သူ..
တစ်နေ့တော့ငါမင်းနဲ့ ဆုံနိုင်ကောင်းပါတယ်... တစ်နေ့နေ့ပေါ့.........။
ကမ္ဘာခြားသွားတဲ့ချစ်သူအတွက်......

နားလည်မှု

`သူ´က ဘယ်နေရာမဆို တော်တော်လေးအရေးကြီးတဲ့ အရာတစ်ခုအဖြစ် ဖြစ်တည်နေတယ်ဆိုတာ သင်လည်း သိမှာပါ။ `သူ´မရှိရင် အရာရာမှာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဘာပဲလုပ်လုပ် ဘ၀င်မကျနိုင်ပါဘူး။ `သူ´က သင့်ကို ဟိုးအမြင့်ကြီးရောက်အောင်ပို့ဆောင်ပေးနိုင်သလို ဟိုးအောက်ဆုံးရောက်အောင် ဆွဲချ သွားနိုင်တယ် ဆိုတာ သင်သိပါလိမ့်မယ်။ အရာရာမှာအောင်မြင်နိုင်ဖို့ ဆိုရင်အရင်ဦးဆုံးသင် `သူ့´ ကိုခင်မင်တတ်အောင်ကြိုးစားရပါမယ်။ `သူ´ က မိသားစုကြားမှာလည်းအရေး ပါတယ်။ အသိုင်းအ၀ိုင်းကြားမှာလည်း အရေးပါတယ်။ ပတ်ဝန်းကျင်မှာလည်းအရေးပါတယ်။ လူငယ်ကြားမှာ လည်းအရေးပါတယ်။ လူကြီးတွေကြားမှာလည်းအရေးပါတယ်။ ချစ်သူတွေကြားမှာလည်းအရေးပါသလို အိမ်ထောင် တစ်ခုမှာလည်း အရေးပါတယ်။ `သူ´ ဟာ အရာရာမှာ ပိုင်ဆိုးသူပါ။ နောက်ဆုံးသင်နဲ့ ကျွန်ုပ်ကြား မှာလည်းသူက အရေးပါတယ်ဆိုတာ သင်မမေ့ထားပါနဲ့။ `သူ´ မရှိရင် သင်နဲ့ကျွန်ုပ်ရှေ့ဆက်လို့ ရမှာမဟုတ် တော့ဘူး ။ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေအဖြစ်နဲ့ ကိုဆိုလိုတာပါ။ `သူ့´ ကြောင့်ကျွန်တော့်ဘ၀ကြီး အကြိမ်ကြိမ် သေခဲ့ရဖူးသလို `သူ့´ ကြောင့်ပဲကျွန်တော့်ဘ၀ကြီး အနာဂတ်အိပ်မက်တွေ မက်ခွင့်ရခဲ့ဖူးတယ်။ `သူ့´အတွက်နဲ့အကြိမ်ကြိမ်လဲကျပြိုပျက်သွားသူတွေကို `သူ´ကပဲ ပြန်ပြီးဖေးမကူညီနိုင်ပါတယ်။ ဘယ်အရာ တွေလဲကျရှုံးနိမ့်ပါစေ `သူ´ကတော့ဘယ်တော့မှမရှုံးပဲ အရာအားလုံးကို ခပ်ပြုံးပြုံးနဲ့နွေးထွေးစွာကြိုဆိုနေသူပါ။
p.s-ရေးမိရေးရာလေးပါ။ဖတ်ပြီးအမြင်မကပ်ကြပါနဲ့။

ဟဲလို


`ဟဲလို´ ဆိုတဲ့ အသံလေးကိုကြားလိုက်ရင် ကျွန်တော့်ရင်ထဲမှာတော်တော်လေးကို ကြည်နူးရတယ်။ ကျွန်တော် နဲ့သက်ဆိုင်တဲ့တစ်ဦးတစ်ယောက်ဆီက ပြောလာမယ့် အသံလေးကိုဆိုလိုတာပါ။ ကျွန်တော်နဲ့သူမ တစ်ရက် ကိုအနည်းဆုံး သုံးခါလောက် ဖုန်းပြောဖြစ်တယ်။မနက်စောစော တစ်ခါ နေ့လည်တစ်ခါ နဲ့ ညအိပ်ရာဝင်ခါနီး တစ်ခါ ပါ။တစ်ခါပြောရင်အနည်းဆုံး တစ်နာရီလောက်တော့ကြာပါတယ်။ ညအချိန်ဆိုရင်တော့ ဒီ့ထက်ပိုပါပြီ။ အဲဒီလောက်တောင်ပြောနေတာ တစ်ရက် တစ်ရက် ဘာတွေပြောလဲလို့ မေးလာမယ့်လူရှိရင် ကျွန်တော်မဖြေ တတ်ပါဘူး။ ချစ်သူကောင်မလေးနဲ့ဖုန်းပြောနေတဲ့သူတွေ နားလည်ပါလိမ့်မယ်။ သူမနှုတ်ဖျားကထွက်လာတဲ့ `ဟဲလို´ဆိုတဲ့ အသံလေးက ကျွန်တော့်အတွက်တော့ အချစ်သီချင်းလေးတစ်ပုဒ်ပါပဲ။အဲဒီအသံလေးကို ကျွန်တော် နေ့တိုင်းနားထောင်နေပေမယ့် တစ်ရက်မှ မရိုးသွားပါဘူး။ သူက အိပ်မက်တွေကို ဆက်လက် ရှင်သန်စေသလို ညကောင်းကင်မှာ ကြယ်တွေကို အစွမ်းကုန် လင်းလက်စေပါတယ်။ တစ်ခါတစ်လေမှာ အကြောင်းတစ်ခုခုကြောင့် ဖုန်းမဆက်ဖြစ်တဲ့နေ့ရက် တစ်ချို့ရှိခဲ့ဖူးပါတယ်။ အဲဒီနေ့တွေဟာ ကျွန်တော့် အတွက် တော့သူမနဲ့ပက်သက်ပြီး အိပ်ပျက်ခဲ့တဲ့နေ့ရက်တွေဖြစ်ခဲ့ရတယ်။ ဒါပေမယ့် နောက်တစ်နေ့မှာ သူမ နှုတ်ဖျားက ထွက်ပေါ်လာပြီး လေလှိုင်းကြားကတစ်ဆင့် ကျွန်တော့်နားထဲကို METAL သံတစ်ခုအဖြစ်နဲ`ဟဲလို´ ဆိုတဲ့ အသံလေးကိုကြားလိုက်ရရင်တော့ ညက အိပ်ပျက်ခဲ့တာတွေဟာ အလိုလိုပြေပျောက်သွား ရလောက်အောင် ကျွန်တော့်ကိုသူမ စွမ်းဆောင်နိုင်ပါတယ်။ကျွန်တော်နဲ့သူမ ဖုန်းပြောလာတာခုဆိုရင် တစ်နှစ်ကျော်လောက်ရှိခဲ့ပါပြီ။ လူချင်းတွေ့ နေရပေမယ့် ဖုန်းတော့နေ့တိုင်းပြောဖြစ်ပါတယ်။ သူမနှုတ်ဖျားက `ဟဲလို´ဆိုတဲ့အသံလေးကို ကျွန်တော် တစ်ရက်မကြားရရင် အိပ်မပျော်လို့ပါ။ နောက်နေ့ပေါင်းများစွာမှာ လည်းကျွန်တော်နဲ့သူမ ဖုန်းပြောနေအုန်းမှာပါပဲ။ ဟော ပြောရင်းဆိုရင်းဒီ Post လေးကိုရေးနေတုန်း သူမဖုန်းခေါ်လာပါပြီ။ `ဟဲလို´ တဲ့ ။ တော်ပြီဗျာ ကျွန်တော် သူမနဲ့ ဖုန်းပြောလိုက်ဦးမယ် ...........။
p.s -ကျွန်တော်နဲ့သက်ဆိုင်သော `ဟဲလို´ လေးပါ.....။

March 12, 2008

ကျွန်တော်နဲ့ကောင်မလေး (၂)



သူမနဲ့ကျွန်တော်အပြင်မှာတစ်ခါမှမတွေ့ဖူးပါဘူး။ဆိုလိုတာက သူမနဲ့ကျွန်တော့်ကိုသူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးတာပါ။အဲလိုမိတ်ဆက်ပေးတာကလည်း အခုခေတ်ရဲ့မရှိမဖြစ် အင်တာနက်အွန်လိုင်းပေါ်မှာ။အဲဒီ တော့ သူမကိုကျွန်တော် အပြင်မှာမမြင်ဖူးပါဘူး။ သူမရဲ့ PHOTO ကိုတော့သူမ ပြလို့မြင်ဖူးသလို ကျွန်တော့် PHOTO ကိုလည်းသူမ မြင်ဖူးပါတယ်။ ကျွန်တော်တို့နှစ်ယောက် အပြန်အလှန်စကားတွေပြောရင်း တော်တော် လေးကိုနားလည်မှုတွေ ရှိခဲ့ကြပါတယ်။သူမနဲ့ကျွန်တော်က တော့မိုင်ပေါင်းထောင်ချီပြီးဝေးပါတယ်။ကျွန်တော် နေတဲ့ နေရာလေးက Goodnight လုပ်တဲ့အခါ သူမဖက်တော့ Goodmorning ပေါ့။ဒါပေမယ့်သူမနဲ့ကျွန်တော် က ဟိုးအရင်တုန်းက မြို့လေးတစ်မြို့မှာ အတူတူ နေခဲ့ကြတဲ့သူတွေပါ။အဲဒီတုန်းကမသိခဲ့ကြပဲ တစ်ယောက် တစ်နေရာဆီ နေကြတဲ့ခုခါကျမှ သူမ နဲ့ ကျွန်တော်သိခွင့်ရတဲ့ အဖြစ်လေးကိုကျွန်တော်နည်းနည်းလေးတော့ အံ့သြမိပါတယ်။
သူမနဲ့ကျွန်တော် လူမျိုးချင်းတူပေမယ့် ကိုးကွယ်တဲ့ဘာသားတရားချင်းမတူပါဘူး။ အဲဒီအရာက ကျွန်တော်တို့ နှစ်ယောက်ကြားမှာတော့ ကြီးမားတဲ့ တံတိုင်းကြီး တစ်ခု ဖြစ်ခဲ့လိမ့်မယ်ဆိုတာ ကျွန်တော် စောစောကတည်းက သိခဲ့ပေမယ့်သိသိကြီးနဲ့ ပဲ ရှေ့ဆက်တိုးခဲ့ပါတယ်။ သူမနဲ့ကျွန်တော်ချစ်သူတွေဖြစ်ခဲ့ကြ ပါတယ်။
သူမက ကျွန်တော့်ကို အစွမ်းကုန်နားလည်ပေးပါတယ်။အဝေးကြီးမှာနေပြီး တစ်အိမ်ထဲမှာအတူနေတဲ့ လူတစ်ယောက်လို ကျွန်တော့်ကို ဂရုတစိုက်ရှိခဲ့ပါတယ်။ သူမနဲ့ကျွန်တော် ချစ်သူတွေဖြစ်ပြီး တစ်လလောက်မှာ ကျွန်တော် နဲ့သူမ ဘာသာအယူဝါဒတွေအကြောင်းဆွေးနွေးဖြစ်ခဲ့တယ်။သူမ နဲ့ ကျွန်တော် ဘယ်လိုမှ ညှိလို့ မရပါဘူး။ ဘာသာမတူရင်မချစ်ရဘူးလို့တော့ပညတ်ချက်တွေ မရှိပေမယ့် ဘ၀တစ်ခုတည်ဆောက်ဖို့အတွက် တော့ ကျွန်တော်စဉ်းစားရပါပြီ။

ဒါဆိုကျွန်တော်ဘယ်လို ဆက်လုပ်ရမလဲ ။
သူမ နဲ့ကျွန်တော့်အတွက်အကောင်း ဆုံးအဖြေက လမ်းခွဲဖို့ ကလွဲပြီး ဘာရှိတော့မှာလဲ???

တစ်နေ့ကျွန်တော်နဲ့သူမ စကားပြောတော့ ကျွန်တော် က လမ်းခွဲဖို့အကြောင်းကိုစပြောတယ်။ သူမ က ဘာဖြစ်လို့လဲ လို့ မေးတယ်။ ကျွန်တော်သူမကိုမရှင်းပြနိုင်ခဲ့ ပါဘူး။

မေ့လိုက်ဖို့အကြောင်းကိုပဲ နှုတ်က အကြိမ်ကြိမ် ပြောနေခဲ့တယ်။
သူမကတော့လမ်းခွဲရခြင်းရဲ့အကြောင်းပြချက်ကို တတွတ်တွတ်မေးတယ်။

ကျွန်တော်သူမ ကိုတစ်ကယ်ချစ်ခဲ့ တယ်ဆိုတာ သူမ သိသလို သူမရဲ့အချစ်ကိုလည်းကျွန်တော် နားလည်ခဲ့ပါတယ်။ ဒါပေမယ့် သူမ နဲ့ ကျွန်တော် ရှေ့ဆက်ဖို့က သူမဖက်ကလျှော့ပေးမှာမဟုတ်သလို ကျွန်တော့်ဖက်ကရော???
ခုလောက်ဆိုရင် သူမနဲ့ကျွန်တော် ဘာကြောင့်လမ်းခွဲ ခဲ့ကြတယ်ဆိုတာ သူမ သိလောက်ရောပေါ့.............။

March 11, 2008

ကျွန်တော်နဲ့ကောင်မလေး


ဒီနေ့ ကျွန်တော်နဲ့ကျွန်တော့်ကောင်မလေး အဆင်မပြေဖြစ်တယ်ဗျာ.သိပ်မကြာခင်အချိန်အတွင်းမှာလက်ထပ် တော့မယ့် ကျွန်တော့်ချစ်သူက ကျွန်တော့်ကို နားမလည်နိုင်သေးတာ ကိုကျွန်တော်ဘယ်လိုလုပ်ရမလဲမသိဘူး ဖြစ်နေတယ်။သူက ကျွန်တော့်ထက် လေးနှစ်လောက်တော့ငယ်ပါတယ်။ ကျွန်တော်သူမကို ချစ်သူလိုရော ညီမ လေးတစ်ယောက်လိုပါ ဂရုတစိုက်နဲ့ ချစ်လာခဲ့တာ ခုဆိုရင် သုံးနှစ် သုံးမိုးတောင်ရှိတော့မယ်။ သူမနဲ့ကျွန်တော် အဆင်မပြေဖြစ်တာခုမှမဟုတ်ပါဘူး ဟိုးအရင်ကတည်းကပါ။

သူမက ကလေးတစ်ယောက်လို ကျွန်တော့်အပေါ် ဆိုးတယ်။ဆိုးစမ်းပါစေ ကျွန်တော်နားလည်ခွင့်လွှတ်လို့ရတာပေါ့။ပြီးတော့သူမက ဘာမဟုတ် တာလေးတွေက အစ ကျွန်တော့်ကို ချုပ်ချယ်တယ်။ဥပမာ.ကျွန်တော်သူငယ်ချင်းကောင်မလေးတွေနဲ့ အတူတူ တွေ့ရင်ရှေ့မှာတော့ဘာမှမပြောပါဘူး။မျက်နှာလေးကပြုံးလို့ ။သူအဲလိုပြုံးပြီးဆိုရင် ကျွန်တော်နာပြီလို့သာ မှတ်ပေတော့။နောက်ကွယ်ရောက်ရင်ကျွန်တော့်ဗိုက်ခေါက်ကိုလိမ်ဆွဲ ပြီးရှင်က ဘာဖြစ်တယ် ညာဖြစ်တယ်ဆို ပြီး ပြဿနာရှာတော့တာပါပဲ။ အဲဒီခါကျရင်ကျွန်တော်ကလည်း နားလည်မပေးရကောင်းလားဆိုပြီး သူ့ကိုပြန်ပြီး စိတ်ဆိုးတာပေါ့။ အဲဒီခါကျတော့သူမက ချစ်လို့သ၀န်တိုတာတဲ့။ သူချစ်တာကိုနားမလည်ဘူးလား တဲ့။သေရော။ ကျွန်တော်ပြန်စိတ်ဆိုးတော့သူမက ပြန်ပြီးကျွန်တော့်ကို နားလည်မပေးဘူး တဲ့။ ချာလပတ်ကိုရမ်းနေတာပဲဗျာ။ ဘာပဲပြောပြောသူမနဲ့ချစ်သူဖြစ်ရတာ ကျွန်တော့်အတွက် ကျေနပ်စရာတွေချည်းပါပဲ။ တစ်ခါတစ်လေ အဆင် မပြေဖြစ်တာကလွဲရင်ပေါ့။ ဒါကလည်းချစ်သူတွေကြားမှာဖြစ်တတ်တဲ့သဘောတရားလေးတွေဆိုတာ ကျွန်တော် နားလည်ထားပါတယ်။ အခုတော့သူမနဲ့ကျွန်တော်က တစ်ယောက်တစ်နေရာဆီမှာပါ။သိပ်အဝေးကြီးမဟုတ်ပါ ဘူး သူမနဲ့ကျွန်တော့်ကြားမှာ မိုင်တစ်ရာကျော်ကျော်လောက်ပဲခြားထားတာပါ။နေ့ချင်းသွားပြီးနေ့ချင်းပြန်လို့ ရပါတယ်။ သူမနဲ့ဝေးနေပေမယ့် ကျွန်တော်သူမအပေါ်မှာ ထားခဲ့တဲ့ဂတိတွေ မပျက်ခဲ့ပါဘူး။ ခုလိုခဏခွဲနေကြ တာကလည်းသူမနဲ့ ကျွန်တော်အတူနေနိုင်ဖို့ပါ။ ချစ်သူနဲ့ခွဲပြီးနေနေရတဲ့ဘ၀က ခွဲခွါဖူးတဲ့သူတွေပဲ ကိုယ်ချင်း စာတတ်တာပါ။

ကျွန်တော်သူ့ကိုဘယ်လောက်သတိရနေကြောင်း၊ ဘယ်လောက်လွမ်းနေကြောင်း၊ သူ့အတွက် ဘယ်လောက်အတိုင်းအတာအထိပေးဆပ်ထားကြောင်းသူမ နားမလည်ပါဘူး။ သူမသိတာ သံသယတွေပါပဲ။ သူမပြောသလိုဆိုရင်တော့ ချစ်လို့သ၀န်တိုတယ်ပေါ့ဗျာ။ ဘာဖြစ်ဖြစ်ကျွန်တော်သူမကိုချစ်တယ်။ သူမကလည်း ကျွန်တော်နဲ့ထပ်တူပဲဆိုတာ ကျွန်တော့် နှလုံးသားထဲမှာ အလိုလိုသိထားတယ်။နားမလည်အဆင်မပြေမှုတွေရှိ ပေမယ့်ဒါတွေက ခဏလေးပါပဲ။ပြီးရင်နှစ်ယောက်စလုံးနေနိုင်ကြတာမဟုတ်ပါဘူး။ဘယ်သူအရင်စခေါ်မလဲဆိုပြီး တစ်ယောက်နဲ့တစ်ယောက် စောင့်ကြည့်နေကြတဲ့သူတွေပါ။ သိပ်မကြာခင်အချိန်လေးအတွင်းမှာသူမနဲ့ ကျွန်တော်လက်ထပ်တော့မယ်။ ရည်ရွယ်ထားတဲ့ဘ၀တစ်ခု ကိုလက်တွေ့ တည်ဆောက်တော့မယ် ။ခုချိန် ဆိုရင်သူမဘယ်လောက်များပျော်နေမလဲ။ ကျွန်တော်ရော ...........???

ငါ.......!

စိတ်ကူးနဲ့ဘ၀ ပေါင်းစပ်ကြည့်တော့ ဘ၀က စောက်ထိုးကြီးဖြစ်နေတယ်..အခြေမခိုင်တဲ့စိတ်ဓါတ်တွေက
လေနှင်ရာ လွင့်ချင်ပေမယ့် ဘယ်ကိုရောက်မယ်ဆိုတာကိုတော့ ကြိုသိချင်တယ်.ကံကြမ္မာရဲ့ထိုးနှက်ချက်က
ဘုန်းကနဲ ဖင်ထိုင်လဲကျလောက်အောင်ပြင်းထန်လွန်းတော့ နလန်ထူဖို့ဆိုတာ မနက်ဖြန်လား ဒါမှမဟုတ်
သန်ဘက်ခါလား..... ဘ၀ကခါးတော့ အိပ်မက်တွေက မှုန်ဝါးဝါးပါပဲ ....တစ်ချိန်မှာအမြင့်ကိုရောက်ဖို့
အောက်ကနေနေပေးရတဲ့ဘ၀က ချောတိုင်တက်နေရသလိုပါပဲ..သူတစ်လှည့် ကိုယ်တစ်လှည့်လေ..... ဘဝ
ကိုလက်ပစ်ကူးကြည့်တော့ စုတ်ပြတ်သတ်နေတဲ့ လှိုင်းလုံးတွေကြားမှာ အတွေးအခေါ် တွေဖူးပွင့်လာတယ်...
တစ်ယောက်တည်းနေလို့မရတဲ့ဘ၀မှာ ဖေးမပေးမယ့်သူ ကိုပဲအဖော်လုပ်ချင်တယ် အပြန်အလှန်နားမှု ကိုငါ
လိုချင်တာ....သိုးယောင်ဆောင်ထားတဲ့မျက်နှာဖုံးတွေအောက်က အတ္တအစစ်အမှန် တွေကိုဘယ်သူ
တစ်ယောက်မှ မမြင်ပါဘူး... ကိုယ့်ကိုယ်ကိုတောင်မှ ၀ါးတားတား ..ဘာမှမပါပဲငါဒီနေရာကိုရောက်ခဲ့ပေမယ့်
ငါပြန်သွားရင်တော့ ငါ့နာမည်ကိုဒီနေရာမှာထားခဲ့ချင်တယ်....မျက်ရည်တွေခမ်းချောက်နေတဲ့ဒီကမ္ဘာမြေကြီး
ပေါ်မှာ မေတ္တာမိုးရေတွေရွာသွန်းပေးချင်တာ ငါ့ဆန္ဒအစစ်အမှန်ပါ...ဆေးရောင်စုံတွေစုံလင်တဲ့လူသားတွေ
ကြားမှာ ငါတစ်ကယ်တပ်မက်တာ က အဖြူရောင်စစ်စစ်....ခါးသီးတဲ့ဝေဒနာတွေကို ကုစားပေးဖို့အချိန်ဆိုတဲ့
သမားတော်က အကောင်းဆုံးပါပဲ.... အနာကျက်မြန်အောင်တော့ မျှော်လင့်ခြင်း တွေကိုစားသုံးရလိမ့်မယ် ..
အပြိုင်အဆိုင် အတိုက်အခိုက်တွေသိပ်များတဲ့ လောကဘောင်ကြီးထဲမှာ တစ်ကြိမ်တစ်ခါမှ မကျရှုံးချင်တာက
တော့ ငါ့အတ္တ ပဲ.............
အရင်က multiply မှာရေးထားတာပါ .....

????


ချစ်သူ ............
မင်းအကြောင်းတွေတွေးရင်
ငါ့ရင်ဘတ်က မနေ့က လိုပဲ
တလှပ်လှပ်နဲ့ပေါ့............

သဘောထားချင်းမတိုက်ဆိုင်လို့
တို့နှစ်ယောက် လမ်းခွဲခဲ့ကြပေမယ့်
ကွဲကြေနေတဲ့နှလုံးသားတွေကိုတော့
နှစ်ယောက်စလုံး ဥပေက္ခာ ပြုထားခဲ့ကြတယ်.....

ခုရောဘာထူးလဲ ချစ်သူ...
နေရာသစ်မှာ မင်းပျော်လို့လား...?
ရင်ခွင်သစ်မှာ အိပ်ပျော်လို့လား...?
လျှောက်နေတဲ့ လမ်းတွေ သာယာလို့လား....?
အိပ်မက်တွေရော လှပါရဲ့လား..ချစ်သူ...???

နှစ်ယောက်အတူစားခဲ့ဖူးတဲ့ထမင်းဆိုင်လေးက
ဖြတ်လျှောက်သွားရင် လှမ်းကြည့်တယ်...
အတူကြည့်ဖူးတဲ့ရုပ်ရှင်ရုံကခုံတန်းလေးတောင်
လွမ်းလှပြီတဲ့...
အတူ လျှောက်ဖူးတဲ့ လမ်းတွေက
ဟောင်းနွမ်းလို့ ပန်းတွေတောင်မပွင့်တာ
ကြာပြီချစ်သူ...............။

 

blogger templates | Make Money Online